စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရေခါးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ စစ်တပ်က အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ညပိုင်းတွင် ဆားလင်းကြီးမြို့နယ်၊ ရေခါးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်း ၁ လောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက မီးသဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
“ဆားလင်းကြီးက စစ်ခွေး စစ်ကြောင်းက မနေ့က ညပိုင်းက ရေခါးရွာနားကို ရောက်လာလို့ တိုက်ပွဲဖြစ်တာလို့ သိရတယ်။ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၃ ကောင် သေတယ်လို့ သိရတယ်။ PDF ရဲဘော် ၂ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရတယ်လို့ ကြားတယ်။ စစ်ခွေး ၁ လောင် ၁ လောင်းကိုလည်း PDF ရဲဘော်တွေက မီးသဂြိုလ် ပေးလိုက်တယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်အစောပိုင်း ၅ နာရီခန့်ကလည်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း ဝမ်ပေါင်ကုမ္ပဏီမှ ဆားလင်းကြီးမြို့ ပေါ်ကို ထွက်လာသည့် အင်းအား ၁၃၀ ဝန်းကျင်ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေခါးရွာအဝင်တွင် ပြည်သူ ၁၀ ဦး ဖမ်းဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်တွင်လည်း ဆားလင်းကြီးမြို့ပေါ်ရှိ လမ်းဆုံတွင် ဆိုင်ကယ်များ စစ်ဆေးနေချိန် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ကိုလည်း ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် ဖမ်းဆီးထားသော ပြည်သူ ၁၂ ဦးကို မည်သည့် နေရာ၌ ထားရှိသည်ကို မသိရှိရသေးကြောင်း၊ ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် မကျည်းတန်းရွာ၊ ထန်းပုရွာ၊ ထန်းလယ်ရွာ၊ ဆားထုံးရွာ၊ ပိုင်းတောင့်ကြီးရွာ၊ ကျောက်မှော်ရွာ၊ ဒူးထောက်ရွာ၊ ရေခါးရွာ အပါအဝင် ကျေးရွာ ၁၀ ရွာမှ ပြည်သူများထွက်ပြေး တိမ်ရှောင်နေရကြောင်းသိရှိရသည်။
“နိုဝင်ဘာလ ၂၇ ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီကနေ ဆားလင်းကြီးမြို့ပေါ်ကို သွားမယ့် စစ်ကြောင်းလို့ သိရတယ်။ စစ်ခွေးအင်အားကတော့ ခန့်မှန်းခြေ ၁၃၀ ဝန်းကျင်လောက်ပါမယ်ထင်တယ်။ လမ်းမှာပြည်သူ ၁၀ ဦးကိုဖမ်းသွားတာ။ ရေခါးရွာထဲအဝင်မှာတွေလို့ ဖမ်းသွားတာ။ အခုထိတော့ ပြန်မလွတ်သေးဘူး။ အမျိုးသားတွေကတော့သေချာပေါက်ပါတယ်။ အမျိုးသမီးတွေပါတာတော့ မကြားရဘူး။ ခွေးစစ်ကြောင်း ဆာလင်ကြီး မြို့သွားရင်း ဖမ်းသွားတာ ပေါ်တာဆွဲဖမ်းဆီးတာ။ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ရွာက ပြည်သူတွေ တိမ်ရှောင်နေရတယ်။ မကျည်းတန်းရွာ၊ ထန်းပုရွာ၊ ထန်းလယ်ရွာ၊ ဆားထုံးရွာ၊ ပိုင်းတောင့်ကြီးရွာ၊ ကျောက်မှော်ရွာ၊ ဒူးထောက်ရွာ၊ ရေခါးရွာ အပါဝင် အနီးနား ကျေးရွာ ၁၀ ရွာဝန်းကျင်ခန့်ကတော့ အနည်းဆုံးရှိတယ်။ ညကဆိုလည်းပြေးလိုက်လွှားလိုက် နေရတာပဲ။ စစ်ရှောင်ပြည်သူအရေအတွက်တော့ ခန့်မှန်းခြေ မှန်းလို့ မရဘူး။ အခုစစ်ကြောင်းငြိမ်နေတော့ ၁၀ ရွာကပြည်သူတွေက အခုလောလောဆယ် ပြေးလိုက် ပြန်လာလိုက်နေရတာ။ အခုစစ်ကြောင်းက ဆားလင်းကြီးမြို့ရောက်သွားပြီ ညရော နေ့ရော ကင်းပတ်တာတွေ မြို့ထဲက လူတွေဖမ်းတာတွေ စစ်ဆေးတာတွေတော့ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။




