25 C
Yangon

ကျွန်းစုမြို့နယ်တွင် PDF အယောင်ဆောင်ပြီး ငွေကြေးတောင်းခံနေသော ကြံ့ဖွတ်ပါတီမှ ပျူစောထီး ခေါင်းဆောင် တင်စိုး၏ ညီတစ်ဝမ်းကွဲဖြစ်သူ ကျော်ဝင်း ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် PDF အယောင်ဆောင်ပြီး ငွေကြေးတောင်းခံနေသော ကြံ့ဖွတ်ပါတီမှ ပျူစောထီး ခေါင်းဆောင် တင်စိုး၏ ညီတစ်ဝမ်းကွဲဖြစ်သူ ကျော်ဝင်း ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလပိုင်းတွင် ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ မိုင်းတွေးကျေးရွာတွင် နေထိုင်သော ပြည်သူ ၁ ဦးကို PDF အယောင်ဆောင် ကျော်ဝင်းဆိုသူက ငွေကျပ် ၂၇ သိန်း ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း၊ ထိုသို့ တောင်းခံမှုကို ကျွန်းစုမြို့နယ် ပကဖက လိုက်လံ စုံစမ်းစဉ် ကျော်ဝင်း (ခ) ထောင်မှူး ဆိုသူကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိသော တရားခံ ကျော်ဝင်း (ခ) ထောင်မှူး၏ ထွက်ဆိုချက်များအရ လွန်‌ခဲ့သော ၂ နှစ်ခန့်လောက်ကပင် PDF ၊ ပကဖ အယောင်ဆောင်ပြီး ၎င်းအပါအဝင် စုစုပေါင်း လူ ၅ ဦးက တယ်လီဖုန်းဖြင့် ပန်းဇင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းလတ်ထံမှ ငွေကျပ် ၂၅ သိန်း၊ မိုင်းတွေးကျေးရွာမှ ငွေကျပ် ၂၇ သိန်း နှင့် တခြားသော ကျေးရွာအသီးသီးရှိ အုပ်ချုပ်ရေးမှူးများထံမှလည်း ခြိမ်းခြောက်ငွေတောင်းရမ်းနေခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရှိရသည်။

ထို့ပြင် ဘဒ္ဒနဲကျေးရွာအုပ်စု၊ သဲဖြူကျွန်းတွင်လည်း ခြိမ်းခြောက်‌ ငွေတောင်းခံ၍ ကျေးရွာသားများက ကြောက်လန့်ပြီး Wave pay ဖြင့် ငွေကျပ် ၄၀ သိန်းကျော် ပေးဆောင်ခဲ့ရကြောင်း၊ တခြားသော ကျေးရွာ အများစုတွင်လည်း ခြိမ်းခြောက်တောင်းခံခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးထားသော တရားခံ ကျော်ဝင်း(ခ)ထောင်မှူးကို ကျွန်းစုမြို့နယ် ပကဖ က ဖမ်းဆီးစစ်ဆေးနေစဉ် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၂၀ မိနစ်ခန့်တွင် ကျော်ဝင်းက ၎င်းအား ခတ်ထားသော လက်ထိပ်ကို ချွတ်၍ ထွက်ပြေးသွားစဉ် တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံရှာဖွေရာ ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပြန်လည် တွေ့ရှိခဲ့သော်လည်း ခုခံ ထွက်ပြေးရန် လုပ်ဆောင်ခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကျော်ဝင်း (ခ) ထောင်မှူးနဲ့ အဖွဲ့က လွန်‌ခဲ့တဲ့ ၂ နှစ်ကျော်ကျော် ကတည်းက ခြိမ်းခြောက်ငွေတောင်းခံပြီး လှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ သဲဖြူကျွန်းမှာ တောင်းခံခြင်း ခံရအပြီး ကျွန်းစု-ပကဖ က သိရှိခဲ့ရ၍ နောက်ထပ်ကျေးရွာများ ထိုကဲ့သို့ လိမ်လည်ခြိမ်းခြောက်ခြင်းမခံရအောင် အချိန်မှီ တားဆီးနိုင်ခဲ့ပါတယ်။ နောက်ပြီး မိုင်းတွေးကျေးရွာကျောင်းထိုင် ဆရာတော်ထံကလည်း ကျပ်ငွေ ၃၀၀ သိန်း ကိုလည်း ခြိမ်းခြောက်တောင်းခံခဲ့တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ တနင်္သာရီမြို့နယ် -ပကဖ တာဝန်ခံ ဖိုးတက်တိုးအမည်ကို အလွဲသုံးစားလုပ်ပြီး ဖိုးဆေးတံ နာမည်ပြောင်နဲ့ လိမ်လည်ခြိမ်းခြောက် တောင်းခံတာတွေ ပြုလုပ်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ပြည်သူတွေ၊ လုပ်ငန်းရှင်တွေ အနေနဲ့ ကြောက်စိတ်နဲ့ မပေးကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ခြိမ်းခြောက်တောင်းခံတာလုံးဝမရှိပါဘူး” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

PDF အယောင်ဆောင် ကျော်ဝင်း (ခ) ထောင်မှူးဆိုသူသည် ပန်းဇင်ရွာသားဖြစ်ပြီး ပန်းဇင်ကျေးရွာ ကြံ့ဖွတ်ပါတီမှ ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ တင်စိုးဆိုသူ၏ ညီတစ်ဝမ်းကွဲ တော်စပ်သူလည်းဖြစ်ကြောင်း သိရသည်။

ကျော်ဝင်းနှင့်အတူ PDF အယောင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံနေသူ ၄ ဦး၏ အမည်နှင့် နေရပ်လိပ်စာများကိုလည်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ဆေးချက်အရ သိရှိထားပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article