21 C
Yangon

စစ်ကိုင်း၊ မကွေး၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင် ၄ လအတွင်း စစ်တပ်၏ သတ်ဖြတ်မှု အပါအဝင် လက်နက်ကိုင်များကြောင့် ပြည်သူ ၂၈၄ ဦးသေဆုံးကာ နေအိမ် ၂၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်တိုင်းတို့တွင် လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများက ကျူးလွန်သည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုုးဖောက်မှု၊ ရာဇဝတ်မှုများကို စောင့်ကြည့်ခဲ့ရာ ၄ လအတွင်း ပြည်သူ ၂၈၄ ဦးကာ နေအိမ် ၂၂၇၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ပဉ္စမမဏ္ဍိုင် (Pyisama Mandai Civil Surveillance Group – PMCSG) အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ PMCSG အဖွဲ့က စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှု စုစုပေါင်း ၃၉၇ ခု မှတ်တမ်းတင်နိုင်ခဲ့ပြီး ဖြစ်စဉ်များအနက် ၃၅၃ ကြိမ် မှာ အရပ်သားပြည်သူများကို ဦးတည်သည့် ပစ်မှတ်ဖြစ်စဉ်များ ဖြစ်ကာ စစ်ရေးပစ်မှတ်မှာ ၄၄ ကြိမ် သာ ပါဝင်ကြောင်း PMCSG အဖွဲ့က ထုတ်ပြန်သည့် စာတမ်းငယ်တွင် ဖော်ပြထားသည်။

“PMCSG အနေနဲ့က ဒီလက်ရှိကာလအတွင်း လက်နက်ကိုငးထားတဲ့အဖွဲ့တွေကနေ လက်နက်မဲ့ အရပ်သားပြည်သူလူထုအပေါ် ကျူးလွန်တဲ့ ဖြစ်စဉ်တွေကို ကောက်ယူခဲ့တာဗျ။ ဒီ ၄ လအတွင်းမှာ စစ်တမ်းကောက်ယူနိုင်ခဲ့တဲ့ ဧရိယာတွေမှာ စစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှု၊လက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်တဲ့ ဖြစ်စဉ်တွေနဲ့ အမည်မသိရတဲ့သူတွေရဲ့ ခိုး၊ဆိုး၊လု၊နှိုက်၊ဓားမြတိုက် ပြန်ပေးဆွဲတာတွေ ပိုဖြစ်လာတာ တွေ့ရပါတယ်”ဟု PMCSG အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အချိန်ကြာလာသည်နှင့်အမျှ ယခင်စစ်တမ်းများနှိုင်းယှဉ်ပါက စစ်ရေးပစ်မှတ်များထက် အရပ်သားများကို ဦးတည်တိုက်ခိုက်သည့် ဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာကြောင်း တွေ့ရှိရကြောင်း၊ ၄ လတာကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း ၁၀၉ ကြိမ်အနက် စစ်ကိုင်းတိုင်းတွင် ၉၇ ကြိမ်အထိ အများဆုံးဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများထဲတွင် လက်နက်ငယ်သုံး တိုက်ခိုက်မှု ၄၃ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၂၂ ကြိမ် နှင့် တာဝေးပစ်လက်နက်သုံး တိုက်ခိုက်မှု ၂၁ ကြိမ် တို့သည် အများဆုံး ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်လုပ်ဆောင်ခဲ့သည် လေကြောင်းတိုက်ခိုက်မှုများအားလုံးသည် စစ်ကိုင်းတိုင်းတစ်ခုတည်းတွင် ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၅ ဦး သေဆုံးကာ ၁၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ လေကြောင်းတိုက်ခိုက်မှုတွင် တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်အပြင် စက်တပ်လေထီး (ပါရာမိုတာ) ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အများအပြား ပါဝင်ကြောင်း၊ အထူးသဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာရှိ ဆီမီးထွန်းပွဲနှင့် သပိတ်ကို အကြမ်းဖက်စစ်တပ်က စက်တပ်လေထီး (ပါရာမိုတာ) ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၄ ဦး သေဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည် ဟု စာတမ်းငယ်တွင် ဖော်ပြထားသည်။

လေးလတာ ကာလအတွင်း နေအိမ်၊ အဆောက်အအုံ စုစုပေါင်း ၂၃၆၃ လုံး ထိခိုက်ပျက်စီးခဲ့ရာ ၂၂၇၃ လုံး သည် မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး ယင်းတို့သည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ဖြစ်ပွားခဲ့ကြောင်း၊ စစ်တမ်းကာလအတွင်း အရပ်သားပြည်သူ ၂၈၄ ဦး သေဆုံးခဲ့ပြီး ၉၅၄ ဦး ဖမ်းဆီးခံခဲ့ရကာ ဖမ်းဆီးခံရသူ စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်း ဖြစ်သည့် ၃၉၈ ဦး သည် အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲဖမ်းဆီးခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း စာတမ်းငယ်တွင်ပါရှိသည်။

ပေါ်တာဆွဲဖမ်းဆီးမှု အများဆုံးဖြစ်ပွားခဲ့သည့် မြို့နယ်မှာ မုံရွာမြို့နယ်ဖြစ်ကာ ၄ လတာ ကာလအတွင်း ၃၉ ကြိမ် အထိ ရှိခဲ့ကာ ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့တွင်လည်း ဧည့်စာရင်းစစ်ဆေးမှု အများအပြားရှိခဲ့ပြီး ယင်းစစ်ဆေးမှုများက လုံခြုံရေးအကြောင်းပြ၍ ငွေကြေးတောင်းခံခြင်းနှင့် စစ်မှုထမ်းပေါ်တာဆွဲခြင်းများ ကျူးလွန်နေကြောင်း PMCSG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်လုပ်ရပ်များကို အကြမ်းဖက်စစ်တပ်က အများဆုံးကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အခြား/အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းများ ၏ ကျူးလွန်မှု ၄၆ ကြိမ်အနက် အရပ်သားပစ်မှတ်ကို ဦးတည်သည့် ဖြစ်စဉ်များ အများအပြား တွေ့ရပြီး အဆိုပါ ကျူးလွန်မှုများမှာ လုပ်ကြံသတ်ဖြတ်မှု၊ ဓားပြတိုက်မှု၊ လုယက်မှု၊ ခြိမ်းခြောက်ငွေညှစ်မှုများဖြစ်ကာ စစ်ကိုင်းတိုင်းအတွင်းအတွင် အများဆုံးဖြစ်ပွားနေကြောင်း စာတမ်းငယ်တွင် ပါရှိသည်။

“စစ်တမ်းအချက်အလက်နဲ့ မြေပြင် ပကတိ အရှိတရားဆိုရင် မြေပြင်မှာ စစ်တပ် စိုးမိုးနေတဲ့ နေရာတွေမှာ တရားဥပဒေ စိုးမိုးနိုင်မှု မရှိသလို တော်လှန်ရေးအဖွဲ့တွေ စိုးမိုးတဲ့ နယ်မြေတွေမှာလည်း NUG အပါအ၀င် ၊သက်ဆိုင်ရာတွေက ထိန်းကြောင်းဖို့ လိုအပ်လာတာ တွေ့ရတယ်ဗျ။ မှတ်ချက်အနေနဲ့ ပြောရရင် စစ်တပ်က ကျူးလွန်တာ များတာရှိပါတယ်။တော်လှန်ရေးအဖွဲ့တွေကလည်း စည်းကမ်းပိုင်းဆိုင်ရာ ကြပ်မတ်နိုင်မှုမှာ ပိုပြီးလုပ်ဆောင် ဖို့ လိုအပ်လာတာ ရှိပါတယ်”ဟု PMCSG) အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article