21 C
Yangon

Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ဆန္ဒမဲပေး ရွေးချယ်ရန် မင်းအောင်လှိုင်က ပေါ်ပေါ်တင်တင် ဖိအားပေးလာ၊ ဝန်ကြီးဌာနများတွင် ကြံ့ဖွတ်ပါတီကိုသာ မဲပေးရမည်ဟု နှုတ်မိန့်ညွှန်ကြားမှုများ ရှိလာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်နှင့် သဟဇာ တဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ဆန္ဒမဲပေး ရွေးချယ်ရန်လိုအပ်ကြောင်း မင်းအောင်လှိုင်က ပေါ်ပေါ်တင်တင် ဖိအားပေး ပြောဆိုသည်။

ယမန်နေ့ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) နှင့် ဗဟိုမီးသတ်သင်တန်း ကျောင်း(ပြင်ဦးလွင်)တို့မှ နည်းပြအရာရှိများနှင့် သင်တန်းသား၊သင်တန်းသူများကို တွေ့ဆုံစဉ် မင်းအောင်လှိုင်က ထိုသို့ တရားဝင် ပေါ်ပေါ်တင်တင် ဖိအားပေး ပြောဆိုလာခြင်းဖြစ်သည်။

“သင်တန်းသား သင်တန်းသူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့်ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ စစ်တပ်က နိုင်ငံတော်တည်ရှိသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသော အဖွဲ့အစည်း (Institution)ဖြစ်သဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကိုရွေးချယ်၍ ဆန္ဒမဲပေးရန်လိုကြောင်း” မင်းအောင်လှိုင်က ဆိုသည်။

ယင်းအပြင် မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ မိမိတို့တာဝန်များ အလိုက် ဆက်လက်ထမ်းဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးတွင်အာဏာရပါတီအလိုက်၊ အစိုးရအဖွဲ့အလိုက် မူဝါဒများကွဲပြားသွားမည်ဖြစ်သော်လည်း ရုံး/ဌာနများအနေဖြင့် ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခက်အခဲ၊ အကျပ်အတည်းများကို စစ်တပ်ကပင် ဦးဆောင်၍ ဖြေရှင်းခဲ့ရကြောင်း၊နိုင်ငံတော်တွင် ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို မှန်မှန်ကန်ကန် လေ့လာသိရှိနားလည်ကြရန်လိုကြောင်း ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပထဝီအနေအထားအရ အင်အားကြီး နိုင်ငံကြီးနှစ်ခုအကြားတွင်တည်ရှိနေပြီး ရှုပ်ထွေးသည့် နိုင်ငံရေးသမိုင်းကြောင်းနောက်ခံများလည်းရှိကြောင်း၊ အရှေ့နှင့်အနောက်၏ မတူညီသည့် သဘောသဘာဝများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးအရတည်ငြိမ်မှုရရှိရန် လိုအပ်နေမှုများကို တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံပြိုကွဲမည့်အခြေအနေများနှင့် ကြုံတွေ့နိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ချိန်၌ ဥပဒေနှင့်အညီဖြေရှင်းမှုများ ဆောင်ရွက်ပေးခဲ့ခြင်းမရှိခြင်းကြောင့် စစ်တပ်အနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုပြန်သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရက်ပေါင်း ၂၆ ရက်သာ လိုတော့သည့်အချိန်တွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ စစ်တပ်နှင့် လက်တွဲနိုင်သူများကို မဲပေးရွေးချယ်ရမည်ကြောင်း ဖိအားပေးနေသည့်အပြင် နေပြည်တော်နှင့်နိုင်ငံတစ်ဝန်းလုံးရှိ ဝန်ထမ်းများနှင့်မိသားစုများကို စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီကိုသာ ဆန္ဒမဲပေးရန် နှုတ်မိန့်ဖြင့် ညွှန်ကြားမှုများ လုပ်ဆောင်လာကြောင်း နေပြည်တော်ရှိ ဝန်ထမ်းသတင်းရင်းမြစ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article