19 C
Yangon

ကြံ့ဖွတ်ပါတီက မဲဆွယ်စည်းရုံးပွဲများနှင့် ဆိုင်းဘုတ်တင်ပွဲများတွင် ငွေပေး လူခေါ်ယူသည့် စရိတ်များကို ရွေးကောက်ပွဲအသုံးစရိတ်တွင် ထည့်သွင်းခြင်းမပြု၊ လူ ၁ ဦးလျှင် နေ့စားခ ငွေကျပ် ၂ သောင်းနှုန်းဖြင့် ကြံ့ဖွတ်က မဲဆွယ်ပွဲတက်ရန် ငှားရမ်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

ကြံ့ဖွတ်ပါတီက မဲဆွယ်စည်းရုံးပွဲများနှင့် ဆိုင်းဘုတ်တင်ပွဲများတွင် ငွေပေး၍ လူများ ခေါ်ယူသည့် စရိတ်များကို ရွေးကောက်ပွဲအသုံးစရိတ်တွင် ထည့်သွင်းခြင်းမပြုကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

နိုင်ငံတစ်ဝန်းတွင် ကြံ့ဖွတ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးလှုပ်ရှားများနှင့် ဆိုင်းဘုတ်တင်ပွဲများ ပြုလုပ်နေရာတွင် လူ ၁ ဦးလျှင် ငွေကျပ် ၂ သောင်းဖြင့် လူစုလူဝေးဖြစ်ရေန် ငှားရမ်းကြောင်း၊ ယင်းသို့ ငှားရမ်းမှုအတွက် ကုန်ကျစရိတ်များမှာ ပွဲတစ်ပွဲလျှင် အနည်းဆုံး ငွေကျပ် သိန်း ၁၀၀ ဝန်းကျင် လူငှားရမ်းခနှင့် အသွားအပြန်အကြိုအပို့ အတွက် သုံးစွဲကြောင်း၊ အဆိုပါ အသုံးစရိတ်များကို သက်ဆိုင်ရာ မြို့နယ်ကြံ့ဖွတ်ပါတီများ၏ ရုံးအသုံးစရိတ်အဖြစ် ထည့်သွင်းပြီး ရွေးကောက်ပွဲအသုံးစရိတ်အဖြစ် တင်ပြခိုင်းခြင်းမရှိကြောင်း သိရှိရသည်။

“အခြေခံ သတ်မှတ်ထားတာက လူ ၁ ဦးကို ၂ သောင်းနှုန်း သတ်မှတ်ထားတယ်။ အဲဒီစရိတ်တွေကတော့ မြို့နယ်ပါတီရုံးတွေက ကျခံတဲ့စာရင်းထဲမှာ ထည့်တယ်။ လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲ အသုံးစရိတ်အဖြစ် မတင်ဘူး။ တစ်ပွဲကို အနည်းဆုံး လူ ၁၀၀ ကနေ ၁၅၀ ငှားရမ်းပါတယ်။ ကြို/ပို့၊ အစားအသောက်ပါ စီစဉ်ပေးတယ်။ အဲဒီအတွက် ဘတ်ဂျက်ကိုလည်း ပါတီဌာနချုပ်က ချထားပေးပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရှင်းပြသည်။

အောက်တိုဘာ ၂၆ ရက်နေ့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲအသုံးစရိတ်အဖြစ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ၁ ဦး လျှင် ငွေကျပ်သိန်း ၁၅၀ အစား ကျပ်သိန်း ၃၀၀ သို့လည်းကောင်း၊ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် ကျပ်သိန်း ၃၀၀ အစား ကျပ်သိန်း ၅၀၀ သို့လည်းကောင်း ရွေးကောက်ပွဲအသုံးစရိတ်ကို တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးထားသည်။

သို့ရာတွင် မင်းအောင်လှိုင်၏ စေလွှတ်မှုဖြင့် ရောက်ရှိလာသော ဗိုလ်ချုပ်ဟောင်းများနှင့် လက်ရှိ ရာထူးရှိနေဆဲ စစ်ဗိုလ်ချုပ်ဟောင်းများမှာမူ ၎င်းတို့၏ ကိုယ်ပိုင်အသုံးစရိတ်ငွေကြေးများဖြင့် မဲဆွယ်စည်းရုံးလှုပ်ရှားမှုများနှင့် ဆိုင်းဘုတ်တင်ပွဲများ လုပ်ဆောင်ကြောင်း၊ ကြံ့ဖွတ်ပါတီထံမှ ရွေးကောက်ပွဲ အသုံးစရိတ် တောင်းခံခြင်းမရှိကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article