ရန်ကုန်၊ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အထွက် ကန်တော်ဂိတ်တွင် အကြမ်းဖက် စစ်သားများက ပြည်သူများထံမှ နေ့စဉ် ဓားပြတိုက်ပြီး ငွေကျပ် သိန်းရာချီ တောင်းယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခတ်သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ ကန်တော်ဂိတ်ကို အကြမ်းဖက် စစ်တပ်က ထိန်းချုပ်ထားပြီး ရွှေဘိုမြို့ရှိ ခြေမြန်တပ်ရင်းဖြစ်သော ခမရ ၁၁ မှ ဒုအရာခံဗိုလ်သန်းဌေးက ဦးစီး၍ ဂိတ်ဖွင့်ထားခြင်းဖြစ်ကြောင်း၊ ဒုအရာခံဗိုလ် သန်းဌေးသည် ပြည်သူများ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများအပေါ် အဆမတန် ငွေကြေး ကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဆန်စပါး ကား ၁ စီးကို ၂၀၀၀၀ ကျပ် ၊ စိုက်ပျိုးရေးသုံး ၊ အိမ်သုံးပစ္စည်းတွေ တင်လာတဲ့ ကားတစ်စီးကို ကျပ် ၁ သိန်းကနေ ၂ သိန်းအတွင်း ပေးနေရတယ်။ နေ့စဉ် သိန်းရာချီရနေတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။
ဒုအရာခံဗိုလ် သန်းဌေးသည် ဂိတ်ဖွင့်သည့် ၂ နှစ်အတွင်း ပြည်သူများထံမှ ငွေကျပ် သိန်းထောင်ချီ ကောက်ခံခဲ့မှုအတွက် တိုင်ကြားစာ ပေးပို့ခဲ့သော်လည်း အရေးယူမှု တစ်စုံတစ်ရာ မခံရသည့်အပြင် ယခင်ထက်ပို၍ ဓားပြတိုက် ငွေကြေး တောင်းခံမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် အကြမ်းဖက် စစ်သား ၂ ဦးက ပြည်သူ့နေအိမ် ဈေးဆိုင် ၂ ဆိုင်အတွင်း ဝင်ရောက်ဓားပြတိုက်ခဲ့သဖြင့် စစ်တပ်အရာရှိထံတိုင်ကြားသော်လည်း ဆိုလာပြားနှင့် ဘက်ထရီအိုးတစ်လုံးသာပြန်ပေးပြီး ကျန်ငွေနှင့်ပစ္စည်းများကို ပြန်ပေးခြင်းမရှိကြောင်း SSPP Info က ထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ၂၀ မိနစ်ခန့်တွင် သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု ကွန်စံလိတ်ကျေးရွာရှိ နေအိမ်တစ်လုံးအတွင်း အကြမ်းဖက်စစ်သား ၂ ဦးက ဝင်ရောက်ပြီး အိမ်ရှင် များကို သေနတ်ဖြင့်ထောက်ကာ နေအိမ်နှင့်ဈေးဆိုင်အတွင်းကို မွှေနှောက်ကာ ငွေကျပ် ၇ သိန်း တန်ဖိုးရှိပစ္စည်းများနှင့်ငွေသားများကို ယူဆောင်သွားကြောင်း ၊ ယင်းနေ့ နံနက်အစောပိုင်း ၄ နာရီဝန်းကျင်၌လည်း အခြားနေအိမ်ဈေးဆိုင်အတွင်းသို့ ဝင်ရောက်ကာ အိမ်ရှင်များကို သေနတ်ဖြင့်ထောက်ထားပြီး ပစ္စည်းများကို မွှေနှောက်ယူဆောင်သွားကြောင်း သိရသည်။
“အိမ်ရှင်လည်းစစ်သားဆိုတော့ တံခါးဖွင့်ပေးတာ အိမ်ထဲရောက်တာနဲ့ သေနတ်နဲ့ ထောက်ပြီး အိမ်ထဲ ဆိုင်ထဲက ပစ္စည်းတွေ မွှေတော့တာ ကုန်ပစ္စည်းတွေ ပိုက်ဆံတွေယူသွားတယ် နှစ်အိမ် စလုံး ဒီပုံစံနဲ့ပဲ ဓါးပြတိုက်သွားတယ်” ဟု ဒေသနေပြည်သူတစ်ဦးကပြောကြားသည်။
ထိုသို့ ဓားပြတိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ရပ်ကျေးတာဝန်ရှိသူများက စစ်ကော်မရှင် အရာရှိများထံ တိုင်ကြားခဲ့ရာ ပြစ်မှုကျုးလွန်သူ တပ်သားနှစ်ဦး ယူဆောင်သွားသည့် ဘက်ထရီနှင့် ဆိုလာပြား ကို အိမ်ရှင်ထံ ပြန်လည် ပို့ဆောင်ပေးခဲ့သော်လည်း ကျန်ရှိသည့် စားသောက်ဖွယ်ရာ များနှင့်ငွေ ကြေး များကို ပြန်လည်ပေးဆောင်ခြင်းမရှိကြောင်း သိရသည်။
“ပြစ်မှုကျုးလွန်တဲ့ တပ်သားကိုတော့ အရေးယူမယ်လို့တော့ပြောပါတယ် ဒါပေမယ့် ဘယ်လိုအရေး ယူ မယ်တော့မသိဘူးပေါ့။ ယူသွားတဲ့ ဆိုလာပြားတွေ ဘက်ထရီအိုးတွေတော့ပြန်လာပို့ပေးပါပြီ။ ကျန် တဲ့စားသောက်ဖွယ်ရာတစ်ချို့တော့ သုံးကုန်ပြီမို့လို့ နောက်မှ ပြန်ဆောင်ရွက်ပေးမယ်လို့ ပြော တယ် ခုထိတော့ ဘာမှပြန်မပေးသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ မိုးတေကျေးရွာအုပ်စုကို လွန်ခဲ့သည့် အောက်တိုဘာလက စစ်ကော်မရှင်တပ်မှ ထိုးစစ်ဆင် ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ် စိုးမိုးလှုပ်ရှားသည့် နေရာ ဖြစ်ကြောင်း သိရသည်။




