စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Myaung Drone Force MDF မှ တာဝန်ခံ ကျားခင်စိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြင်းမူမြို့နယ် မြောင်လမ်းခွဲ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings Drone များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေး ၅၀ လောက်ရှိပါတယ်။ စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ ဗုံးသီးကျတာတော သူတို့ ပိုက်ဆံကောက်တတဲ့ ဂိတ်နာကျပါတယ်။ စစ်ခွေးဘက်ကတော့ ၂ ယောက် ၃ ယောက်လောက် ထိတယ်တယ်။ အသေဆုံးတော့မရှိဘူး။ လက်နက်ကြီးတွေနဲ့ တော့ ပြန်ပစ်ခံရပါတယ်။ ၃လုံးပြန်ပစ်ခံရပါတယ်။ စစ်ခွေးဘက်ကတော့ ထိခိုက်မှုရှိတယ်။ ဒရုန်း ၅ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။ M.D.F Drone ကျားခင်စိန် အဖွဲ့က ၆ လတ် ဒရုန်းဖိုးချေဖို့ လိုအပ်နေတာလည်းရှိတယ်။ ရှေ့ဆက်ပြီးလည်း စစ်တပ်ကို တိုက်ခိုက်သွားပါမယ်”ဟု Myaung Drone Force MDF မှ တာဝန်ခံ ကျားခင်စိန်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Myaung Drone Force MDFနှင့်အတူ မြင်းမူမြို့နယ် ပ.က.ဖ. ၊ SDDF စစ်ကိုင်းခရိုင်ဒရုန်းတပ်ဖွဲ့ ၊ HAWK GUERRILLA FORCE ၊ ဧရာမြွေပွေး NZN ၊ JUSTICE WARRIORSတပ်ဖွဲ့ ၊ Revolutionary Air Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။





