စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် မြို့မရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး အလောင်း ၁ လောင်းသိမ်းဆည်းရရှိခဲ့ကြောင်း ဒေါင်းတမာန် GZ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဆားလင်းကြီးမြို့ပေါ် မြို့မ ရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ရေခါးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူများပြားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ဆားလင်းကြီးမြို့ပေါ် မြို့မရဲစခန်းကနေ ထွက်လာပြီး ဝမ်ပေါင်ကုမ္မဏီထဲကို ပြန်ဝင်တဲ့ စစ်ခွေး စစ်ကြောင်းကို ကျွန်တော်တို့ ကြားဖြတ်တိုက် ခိုက်ခဲ့တာပါ။ စစ်ခွေး အလောင်းတစ်လောင်းရတယ်။ ထိခိုက်ဒဏ်ရာရတာများတယ်။ လက်နက်တွေတော့ ဆွဲသွားတယ်။ စစ်ခွေး အင်အားကတော့ ခန့်မှန်းခြေ ၁၀၀ ကျော်လို့ပဲ သိရတယ်။ စစ်ခွေး စစ်ကြောင်းက ဝမ်ပေါင်ကို မဝင်နိုင်တော့ဘဲ ဆားလင်းကြီးမြို့ဘက်ကို ပြန်ဆုတ်သွားတယ်လို့ သိရတယ်။ စစ်ခွေး သေတာ ၁၀ ကောင်လောက်သေပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ဒေါင်းတမာန် GZ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ ၊ ယင်းမာပင်ခရိုင် စစ်ကြောင်းနှင့် တပ်ပေါင်းစု ညီနောင်မဟာမိတ်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။




