28 C
Yangon

ဗန်းမောက်မြို့ကို စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ၄ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များ မီးလောင်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွားနေပြီး ၄ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့မှစပြီး ဗန်းမောက်မြို့အနီးသို့ ရောက်ရှိလာသော အကြမ်းဖက် စစ်တပ်နှင့် ရှမ်းနီ (SNA) ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြားခြင်းကြောင့် စစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေ၍ ဗန်းမောက်မြို့ ပေါ်ရှိ နေအိမ်တချို့ မီးလောင်ပျက်စီးမှုရှိကာ မြို့ပေါ်ရပ်ကွက် ၄ ခု နှင့် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းရှိ နားကယာရွာ ၊ စက်တောရွာ ၊ လည်နက်ကြီးရွာ၊ ပေကုန်းရွာ အပါအဝင် မြို့အရှေ့ဘက်ရှိ မြစ်သေးချောင်းရွာ နှင့် ကျွဲကောကုန်းရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မြို့အနီးတော့ နေ့တိုင်း တိုက်ပွဲဖြစ်နေတယ်။ လေယာဉ်နဲ့ ၄ ရက်ဆက်တိုက်ရှိပြီ ဝဲနေတာ စခတွေ ဘက်က ထိခိုက်သေဆုံးရှိတယ်။ မြို့ကို ဝင်ဖို့က သတ်ကွင်းကိုကျော်လာရဲမှ ဝင်လို့ရမယ်။ မြို့က လယ်ကွင်းပြင်ကြီးမှာရှိတာလေ မြို့ပတ်ပတ်လည်က ကဒူးတိုင်းရင်းသားတွေရော အကုန်ရှောင်နေကြရတာ။ ကဒူးတပ်ဖွဲ့က လာမတိုက်အောင် ကာဗာလုပ်ချင်လို့ စခတွေနဲ့ SNA တွေ က ကဒူးပြည်သူတွေကို တမင်သက်သက် အနောက်ဘက်ခြမ်းကို အကုန်ခေါ်သွားတယ်။ ကားတွေနဲ့ ခေါ်သွားတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ဗန်းမောက်မြို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က NUG အစိုးရ လက်အောက်ခံ PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် အကြမ်းဖက် စစ်တပ်နှင့် SNA ပူးပေါင်းတပ်များက မြို့အနောက်ဘက်ခြမ်းမှ ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက် ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၁၈ ရက်နေ့က ဗန်းမောက်မြို့အနောက်ဘက် တစ်မိုင်ခန့်အကွာရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (နတလ) ကုန်းကို သိမ်းပိုက်ခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က ဗန်းမောက်မြို့ကို ဆက်လက်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းသိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article