ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၀၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၁၆ ဦးသေဆုံးခဲ့ကြောင်း KNU-Mutraw District က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၁၀၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံးကာ ၁၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် အရာရှိများ ပါဝင်ကာ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ဗိုလ်ကြီး ၁ ဦး အပါအဝင် အရာရှိများလည်း ပါဝင်ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဖာပွန်ခရိုင်အတွင်းရှိ ပြည်သူများ နေထိုင်သော ကျေးရွာများကို ဒရုန်းဖြင့် ၇ ကြိမ် ၊ လေယာဥ် Jet Figheter ဖြင့် ၁၅ ကြိမ် ၊ ၁၂၀ မမ လက်နက်ကြီးမားဖြင့် ၂၃ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလပိုင်းကလည်း ဖာပွန်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲ ၁၂၁ ကြိမ် ဖြစ်ပွားကာ စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး နှင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၈ ဦးရှိကြောင်း၊ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်၏ ဌာနဆိုင်ရ အဆောက်အဦး ၁ လုံးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။




