ရန်ကုန်၊ ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများနှင့် စစ်ရှောင် တောတိုက်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၇ ကြိမ် ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများနှင့် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှစပြီး ညပိုင်းအထိ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၂ စီး နှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက ဒီပဲယင်းမြို့နယ် အနောက်မြောက်ခြမ်း ကုန်းရိုးဝန်းရံရွာ အနောက်ဘက် တောတွင်းတနေရာ ၊ ဒီပဲယင်းမြို့နယ် အနောက်တောင်ခြမ်း ဗုဒ္ဓမ်းကျေးရွာ နှင့် အနောက်ဘက် တောတွင်းနေရာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း၊ မြေပြင် အခြေအနေသည်လည်း ရှုပ်ထွေးနေပြီး လေယာဉ်များလည်း ဆက်တိုက် ပျံဝဲနေဆဲဖြစ်သောကြောင့် ပျက်စီးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“မြေပြင် အခြေအနေက ရှုပ်ထွေးနေတယ်။ ထိခိုက်မှု အခြေအနေကို ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ လေကြောင်းကကျဲနေတာကတော့ ဆက်တိုက်ကိုကျဲနေတာ ပြည်သူတွေလည်း ရွာလုံးကျွတ်ကို တိမ်းရှောင်နေရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်လို့တော့ သတင်းတွေရထားပေမယ့် ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပြီး ပြည်သူများ ထိခိုက်မှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။
“မြေပြင်အခြေအနေအရ ထိခိုက်စာရင်း အတည်မပြုနိုင်သေးပါဘူး။ တစ်ရက်ထဲ နေ့လည်က ၂ စီးနဲ့ ပစ်ပြီး Gyrocopter ဗုံးချတယ်။ ညနေမှာ ၂ စီးနဲ့ ထပ်ပစ်ခတ်နေပါတယ်။ ဒီပဲယင်းအနောက်ဘက်ခြမ်းက ရွာတွေနဲ့ တောတိုက်တွေထဲကို လေကြောင်းကနေတိုက်ခိုက်နေတာ အခုအချိန်ထိ လေကြောင်းဝဲနေဆဲပဲ လေကြောင်းက စိတ်မချရသေးဘူး” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အလားတူ ယခုနှစ် မေလ ၁၂ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာ စာသင်ကျောင်း ကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာအခြေစိုက် ရှမ်းတဲလေး လေတပ်မှ တက်လာသည့် MiG-29 Fighter အမျိုးအစားတိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ကျောင်းဆရာမနှစ်ဦးနှင့်ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၂၀ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဒဏ်ရာရရှိသူ ၁၀၂ ဦးရှိပြီး ဒဏ် ရာရရှိသူများအနက်G -2 ကျောင်း သား အသက် ၈ နှစ်အရွယ် မောင်အောင်ဇေယျသည် မေလ ၁၃ ရက် နေ့တွင်လည်း ကောင်း၊ G-3 ကျောင်းသူ အသက် ၁၁ နှစ်အရွယ် မပြည့်ပြည့်ငြိမ်းသည် ယနေ့ မေလ ၁၄ ရက် နံနက် ပိုင်းတွင်လည်းကောင်း ထပ်မံသေဆုံးသွားကြောင်း သိရသည်။




