30 C
Yangon

ဒီပဲယင်းတွင် မြန်မာနှင့်ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းတို့၏ ဆီးဂိမ်းယှဉ်ပြိုင်ပွဲ ပြန်လည်ပြသမှု ကြည့်ရှုနေသော လက်ဖက်ရည်ဆိုင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းတွင် မြန်မာနှင့်ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းတို့၏ ဆီးဂိမ်းယှဉ်ပြိုင်ပွဲ ပြန်လည် ပြသမှုကို ကြည့်ရှုနေသော လက်ဖက်ရည်ဆိုင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစတင်၍ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ည ၈ နာရီအချိန် ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာ၊ လက်ဖက်ရည်ဆိုင်တွင် ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး ဘောလုံးအသင်းတို့ ၏ ယှဉ်ပြိုင်ပွဲကစားသည့်ပွဲကို ပြန်လည် ပြသနေသဖြင့် ပြည်သူများ ၀ိုင်းဝန်း ကြည့်ရှုခဲ့ကြကြောင်း၊ ထိုအချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချခဲ့ရာ ပြည်သူ ၁၈ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

*မြန်မာအမျိုးသမီး ဘောလုံးပွဲ ပြန်ပြတာကို ကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို ဗုံးကျဲချသွားတယ်။ ကျဲချတာကဗုံး ၂ လုံး ကျဲချတာ။ အဲဒါကြောင့် အသေအပျောက် အရမ်းများတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း သေဆုံးသူ ၁၈ ဦးတွင် အသက် ၅ နှစ်အောက် ကလေးငယ် ၂ ဦး ပါဝင်ကြောင်း သိရှိရသည်။

“အကြောင်းမဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်တာပါ မရကန်ကျေးရွာမှာရှိတဲ့ ပြည်သူပိုင်နေအိမ်တွေ ပျက်စီးဆုံးရှုံးပြီး ပြည်သူ စုစုပေါင်း ၁၈ ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ထိခိုက် ဒဏ်ရာရတာ အများအပြားရှိတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရ ပြည်သူတယ်။ အခြေအနေကို ဆက်လက်စောင့်ကြည့်နေရဆဲပါ။ လက်ရှိ‌သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အောက် ကလေးငယ် ၂ ဦးနဲ့ အမျိုးသမီးတွေလည်းပါဝင်တယ်” ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လတ်တလော ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သတ် ဖြတ်မှုများကို ဆက်တိုက်ပြုလုပ်လျှက်ရှိရာ အများပြည်သူများအနေဖြင့်၊လေကြောင်းအန္တရာယ်အထူးဂရုစိုက်နေထိုင်ကြပါရန် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article