မကွေးတိုင်း၊ စလင်းမြို့နယ်တွင် မဲစာရင်း စစ်ဆေးပြီး ပြန်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းစစ်အောင် (Local PDF) မှ တာဝန်ခံ ကိုထူးလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၄ ရက်နေ့တွင် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ရွေးကောက်ပွဲအတွက် မဲစာရင်းများ ထုတ်ပြန်ထားသည်ကို စစ်ဆေးပြီး ပြန်လာသည့် စစ်ကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်းတနေရာ၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦးသေဆုံးကာ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း သေဆုံးသွားသည့် စစ်ဗိုလ်၏ နာရေးကို လိုက်လံပို့ဆောင်မည့်သူ မရှိသောကြောင့် တိတ်တဆိတ် အသုဘချခဲ့ကြောင်း သိရသည်။
“စစ်ခွေး အင်အားက ၈၀ ပါတယ်။ စစ်ခွေးတွေက စစ်ကား၂ စီးနဲ့ ပြန်လာတာပါ။ စလင်းမြို့ပေါ်ကို ပြန်လာတာပါ။ စစ်ခွေး သေစာရင်းက ထပ်တိုးသေဆုံးတာမျိုးရှိသေးလားဆိုတာ ကျွန်တော်တို့ စီစစ်နေတုန်းပါ။ လောလောဆယ် ကျွန်တော်တို့ အတိအကျသိရတာက ဗိုလ် ၁ ကောင်သေတယ်။ ၃ ကောင် ထိခိုက်တယ်။ အရေးပေါ် ဆေးရုံတင်ထားရတယ်။ အဲဒါပဲ ကျွန်တော်တို့ အတည်ပြုလို့ ရပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ အတုယောင် ရွေးကောက်ပွဲကို ပြည်သူတွေကို ခြိမ်းခြောက်ပြီး အတင်းအကျပ်လုပ်ခိုင်းနေတဲ့ အနေအထားမျိုးမှာ ပြည်သူတွေအနေနဲ့ မြို့ပေါ်အသွားအလာ ဆင်ခြင်ကြဖို့နဲ့ ရွေးကောက်ပွဲကို ဦးဆောင်ပြီး လုပ်နေတဲ့သူတွေနဲ့ ဝေးဝေးနေကျဖို့ ဒါတွေတော့ ကျွန်တော်တို့ အသိပေးချင်ပါတယ်” ဟု ဒေါင်းစစ်အောင် (Local PDF) မှ တာဝန်ခံ ကိုထူးလေးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းစစ်အောင် LPDF တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်တပ် ၏ အတုအယောင်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ဦးဆောင်ပါဝင်လုပ်ကိုင်နေသူများအနီး သွားလာနေထိုင်ခြင်းမပြုလုပ်ရန် ဒေါင်းစစ်အောင် (Local PDF) မှ တာဝန်ခံ ကိုထူးလေးက ဆက်လက် ပြောဆိုသည်။





