ရန်ကုန်၊ ဒီဇင်ဘာ ၉
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများနှင့် စစ်ရှောင်တဲများကို ဆက်တိုက် မီးရှို့နေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလလပိုင်းက စတင်ပြီး မြိုင်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ညောင်ရွာကျေးရွာမှ တောတိုက်အတွင်း စစ်ရှောင်နေသော အသက် ၃၃ အရွယ် ကိုငသိန်း နှင့် ရွာတန်းရှည်ကျေးရွာမှ ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် မြိုင်မြို့နယ် တောင်ပိုင်းရှိ နှမ်းဆီကန်ကျေးရွာမှ နေအိမ် ၂၅ လုံး ၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရွာတန်းရှည်ကျေးရွာမှ ပြည်သူများ သိမ်းဆည်း စုဆောင်းထားသော ဆန်အိတ် ၂၀ ကျော် ၊ ဆိုင်ကယ် ၃ စီး အပါအဝင် တောတိုက်စစ်ရှောင်တဲ ၃ လုံး မီးရှို့ဖျက်ဆီးခဲ့ ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဝက်ပုတ်ကျေးရွာမှ နေအိမ် ၅ လုံးနှင့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တဲကြီးကျေးရွာမှ ဘုန်းတော်ကြီးကျောင်း အပါအဝင် နေအိမ် ၂၈ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ယင်း စစ်ကြောင်းသည် ယမန့်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင်လည်း မြိုင်မြို့နယ် အရှေ့ပိုင်းရှိ ကင်းကျေးရွာမှ စစ်ရှောင်ပြည်သူများနေထိုင်သော တဲ ၈ လုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကင်းကျေးရွာသည် ပခုက္ကူတပ်မ ၁၀၁ နှင့် နီးကပ်သောကြောင့် ပြည်သူများသည် ၂၀၂၂ ခုနှစ်တည်းကပင် ရွာလုံးကျွတ် စစ်ရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက ဆက်တိုက်ကို မီးရှို့နေတာပါ။ မနေ့က ညနေပိုင်းမှာ မြိုင်မြို့နယ် အရှေ့ပိုင်းမှာရှိတဲ့ ကင်းကျေးရွာက စစ်ရှောင်နေရပ်စွန့်ခွာတွေနေထိုင်တဲ့ တောတိုက်စစ်ရှောင်တဲ ၈ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ကင်းကျေးရွာက ပခုက္ကူတပ်မ ၁၀၁နဲ့ အရမ်းနီးကပ်နေတာဖြစ်တဲ့ အတွက် ရွာလုံးကျွတ် စစ်ရှောင်နေရတာဖြစ်ပါတယ်။ ၂၀၂၂ လောက်ကတည်းက နေရပ်စွန့်ခွာလာခဲ့ရတာ တောတိုက် ယာတောတွေထဲမှာ စုဝေးပြီး တဲထိုးနေကြတာ မြိုင်မြို့အနီး စက်မှု ၂ စက်ရုံထဲက ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းက မီးရှို့ဖျက်ဆီးတာ အညာမှာ တောင်သူတွေ သီးနှံရိတ်သိမ်းပြီးချိန် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခံရတာဖြစ်လို့ ဆုံးရှုံးမှု များစွာရှိပါတယ်” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် မှ တာဝန်ရှိသူက ပြောဆိုသည်။






