မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်များ မီးလောင်နေကြောင်း စဉ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ အတွင်းရှိ ပြည်စိုးအောင် ရပ်ကွက်နှင့် ပင်လယ်ကြီး ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည် စိုးအောင်ရပ်ကွက် အတွင်းရှိ နေအိမ်များ မီးလောင်ပြာကျခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ပင်လယ်ကြီးရပ်ကွက်ကို လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာထဲက ပြည်စိုးအောင် ရပ်ကွက်နဲ့ ပင်လယ်ကြီး ရပ်ကွက်ကို ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားတာ ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရတယ်” ဟု စဉ့်ကူး မြို့နယ်ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၌ စစ်ဘေးရှောင် ပြည်သူများနေထိုင်သော ဝါးရုံကုန်းကျေးရွာ ဘုန်းကြီးကျောင်း၊ ပင်လယ်ကြီးရွာ ၊ လျှောက်ပင်ရိုးရွာ နှင့် ပျင်းပင်ရွာတို့ကို မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။







