ရန်ကုန်၊ ဒီဇင်ဘာ ၁၄
မြောက်ဦးဆေးရုံကို ပေါင် ၅၀၀ ဗုံးကျဲချမှု အပါအဝင် စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများကို အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက အရေးယူဆောင်ရွက်ပေးရန် ကရင်အမျိုးသားအစည်းအရုံး-KNU က ယမန်နေ့ ကြေညာချက် ထုတ်ပြန်တိုက်တွန်းသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီကျော်အချိန် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးကို ပေါင် ၅၀၀ ဗုံးများဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူ ၃၄ ဦးသေဆုံးခဲ့ပြီး ၆၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံကဲ့သို့ အရပ်သားဆိုင်ရာ အခြေခံအဆောက်အအုံကို တိုက်ခိုက်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း KNU က ပြောဆိုသည်။
ထို့အတူ ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန်တွင်လည်း မြောက်ဦးမြို့ကို ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေးကို ထိခိုက်စေခဲ့ကြောင်း KNU က ဝေဖန်ထောက်ပြသည်။
စစ်တပ်က ရခိုင်ဒေသတွင်သာမက ကော်သူလေး အုပ်ချုပ်မှုနယ်မြေများတွင်လည်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သဖြင့် ပြည်သူများ သေဆုံးပြီး နေအိမ်ပျက်စီးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေကြောင်း ၊ အရပ်သားပြည်သူများနှင့် အကာအကွယ်ထားရမည့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော စစ်တပ်၏ လုပ်ရပ်ကို ပြင်းထန်စွာ ရငတ်ချကြောင်း၊ ယင်းလုပ်ရပ်များမှာ အပြစ်မဲ့ ပြည်သူများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဥပေဒအရ စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း KNU က ဆိုသည်။
အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းအနေဖြင့် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်စေရန်၊ ယင်းရာဇဝတ်မှုများကို တာဝန်ခံမှု ရှိစေရန် ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုရှိစေရန်၊ အရပ်သားပြည်သူများအပေါ် ထိရောက်သော အကာအကွယ်ပေးမှုများ အရေးပေါ် ဆောင်ရွက်ပေးရန် KNU က တောင်းဆိုထားသည်။
မြောက်ဦးဆေးရုံကို စစ်တပ်က ဗုံးကျဲမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံဥက္ကဋ္ဌ အပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းက အပြင်းအထန် ဝေဖန်ရှုတ်ချနေကြပြီး အကြမ်းဖက် မြန်မာစစ်တပ်ကမူ ဆေးရုံကို စစ်စခန်းအသုံးပြု၍ စစ်ဆင် ရေးဖြင့် ချေမှုန်းခြင်းဖြစ်ကာ သေဆုံးသူများမှာလည်း အရပ်သား ပြည်သူများမဟုတ်ကြောင်း ငြင်းချက်ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် မင်းအောင်လှိုင်နှင့် လေယာဉ်မှူးများ။




