စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်းများ အပါအဝင် ပူးပေါင်း ဆောင်ရွက်သူ အားလုံးကို အရေးယူမည်ဟု တရားဝင် ကြေညာထားကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်အုပ်စုက ကျင်းပပြုလုပ်သော အတုယောင် ရွေးကောက်ပွဲတွင် ပါဝင် ရွေးကောက်ခံကြမည့် ပါတီကိုယ်စားလှယ်လောင်းများ၊ ပြည်သူများကို အတင်းအဓမ္မ မဲပေး ခိုင်းသူများ၊ အတုယောင် ရွေးကောက်ပွဲကာလတွင် မဲဆွယ်စည်းရုံးရေးဆင်းသည့် ပုဂ္ဂိုလ်များကိုလည်း ခန္တီး PDF နှင့် မဟာမိတ် တော်လှန်ရေးတပ်ပေါင်းအင်အားစုများက အထူးရွံ့ရှာ စက်ယုတ် ရှုံ့ချသည့် အပြင် အကြမ်း ဖက် စစ်အုပ်စုကို တရားဝင်လူသတ်ဖို့ အလိုတူအလိုပါ ပါဝင်အားပေးအားမြောက်ပြု လုပ်သူများဟု သတ်မှတ် လိုက်ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းသို့ သတ်မှတ်ချက်နှင့်အတူ ပါဝင် ရွေးကောက်ခံမည့် ပါတီကိုယ်စားလှယ်လောင်းများ၊ ပြည်သူ များကို အတင်းအဓမ္မ မဲပေးခိုင်းသူများ၊ အတုယောင်ရွေးကောက်ပွဲကာလတွင် မဲဆွယ် စည်းရုံးရေးဆင်းသည့် ပုဂ္ဂိုလ်များ၏ မိသားစုလုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကို ခန္တီး-PDF နှင့် မဟာမိတ် တော်လှန်ရေးတပ်ပေါင်း အင်အားစုများက ထုတ်ပြန်ချက်ရက်စွဲမှစ၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။
အကြမ်းဖက် စစ်အုပ်စု ထိန်းချုပ်နယ်မြေဖြစ်သော ခန္တီးမြို့နယ်တွင် စစ်အုပ်စု၏ ထွက်ပေါက် ရွေး ကောက် ပွဲ၌ ပါဝင်ရွေးချယ်ခံမည့်ပါတီ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ကျိုးစီးပွားအတွက် အတုယောင်ရွေးကောက်ပွဲကာလတွင် မဲမပေးခြင်းဖြင့် အကြမ်းမဖက် ဆန္ဒထုတ်ဖော် ပါဝင်ပေးကြရန် အထူးတောင်းဆို တိုက်တွန်းအပ်ကြောင်း၊ အကြမ်းမဖက် ခုခံခြင်းသည် စစ်အုပ်စု၏ စွမ်းဆောင်ရည်နှင့် တရားဝင်ခြင်းကို အကောင်းဆုံးတွန်းလှန် ဖြိုလဲပစ်နိုင်ခြင်းကြောင့် ပြည်သူများ၏ မဲတစ်မဲဖြင့် တရားဝင်လူသတ်ခွင့် မပေးကြရန် ထပ်လောင်း တောင်းဆိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျနော်တို့ အရေးယူထားတာတော့ မရှိသေးဘူး။ အရေးယူမှုတွေကတော့ ဘယ်ဘက်ကနေ ပါဝင်ကြတာလဲဆိုတဲ့ အပေါ်မူတည်တယ်။ အရေးယူမှုတွေ လုပ်ဆောင်ဖို့လဲရှိပါတယ်။ ကျနော်တို့ စိုးမိုးနယ်မြေမှာတော့ သူတို့လာမလုပ်ရဲဘူး။ လူဦးရေစာရင်းတောင်လာမကောက်ရဲဘူး။ နန်စီပွန်မှော်ထဲမှာတော့ လူဦးရေး ကောက်တာတွေတော့ အတင်းကြပ်လုပ်ဆောင်သွားကြတယ်။ အကြမ်းမဖက်တဲ့နည်း မဲမပေးခြင်းနဲ့ စစ်ခွေးတွေရဲ့ တရားဝင်မှု၊ စီမံခန့်ခွဲမှုတွေကို ဖြိုလှဲပေးကြပါလို့ ကြောက်လို့ မဲပေးလိုက်ရင် တက်တဲ့ အတုယောင် အစိုးရကိုပါ ဆက်ကြောက်နေရမာမို့ မဲမပေးခြင်းနဲ့ တော်လှန်ပေးကြပါလို့ပြောချင်ပါတယ်” ဟု ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။
ခန္တီးမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ခရီးသွားလာရေးအဆင်မပြေမှု၊ ကုန်သွယ်စီးဆင်း ပြတ်တောက်မှု၊ အခြေခံစားသောက်ကုန်၊ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်မှုများမှာ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကြောင့် ဆိုသည်ကို ပြည်သူများသိရှိ နားလည်ခံစားနေရသည်မှာ အမှန်တကယ်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အုပ်စု ကျင်းပပြုလုပ်သော လူထုဆန္ဒမပါဝင်သော အတုယောင် ရွေးကောက်ပွဲအပြီး ရွေးချယ်တင်မြှောက်ခံရသောအစိုးရ ပါတီကိုယ်စားလှယ်များသည်လည်း တိုင်းပြည်နှင့် ပြည်သူများအပေါ် အမျိုးမျိုး ဂုတ်သွေးစုပ်၊ အမြတ်ထုတ်ပြီး စစ်အုပ်စု စီးပွားရေး ၊ ကိုယ်ကျိုးစီးပွားရေး အတွက်သာ ဆောင်ကျဉ်းမည့်သူများဟု မှတ်ယူကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဆက်လက် ပြောဆိုသည်။




