29 C
Yangon

ရွှေဘိုရှိ ကျေးရွာများကို စစ်တပ်က လေယာဉ် ၄ စီး၊ Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စက်သုံးဆီတင်ကားများ မီးလောင်၍ ပြည်သူများ ထိခိုက်သေဆုံးမှုရှိ၊ မြိုင်နှင့် ပေါက်မြို့နယ် အစပ်ရှိ ရေနံမှော်များကိုလည်း စစ်တပ်က ၂ ရက်ဆက် ဗုံးကျဲ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၄ စီး၊ Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စက်သုံးဆီတင်ကားများ မီးလောင်၍ ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ပြီး မွန်းလွဲ ၁ နာရီထိ အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၄ စီးက ရွှေဘိုမြို့နယ် အရှေ့မြောက်ပိုင်း နှင့် အရှေ့တောင်ခြမ်းပိုင်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ၁၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် မုံရွာမြို့နယ် နမခ မှ တက်လာသော Gyrocopter ၃ စီးကလည်း ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦးနှင့် သံဃာ ၁ ပါး ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် ဆီတင်ကားများလည်း မီးလောင်နေပြီး ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“လက်ရှိ စုံစမ်း သိရှိရတာကတော့ သေဆုံးသူနဲ့ ထိခိုက်တာက ပြည်သူ ၃ ဦးနဲ့ ဘုန်းကြီး ၁ ပါးလို့တော့ သိထားရတယ်။ ထိခိုက် ဒဏ်ရာရထားသူ ၁ ဦးကလည်း ခြေပြတ်တယ်လို့ ပြောတယ်ဗျ လက်ရှိ စစ်ခွေးတွေ ကျဲတဲ့ နေရာတွေက ဆီကားတွေရယ်၊ ဆီကွင်းရယ်၊ ဇက်ဆိပ်ရယ်တို့ပဲသိရတယ်။ နေရာအတိအကျတော့ မသိရသေးဘူး။ ဆီကားတွေ မီလောင်တယ်လို့ ပြေတယ်။ ကျနော်တို့ သတင်းရတာ ကနဦးပဲ ရှိသေးတယ်။ သေဆုံးသူနဲ့ ထိခိုက်သူ အရေအတွက် အတိအကျတော့ မသိရသေးဘူး။ ရွှေဘို အရှေ့မြောက်ခြမ်းကို ကျဲသွားတာကလည်း ဆီကား ၃ စီး မီးလောင်ပြီး ပြည်သူ ၁ ဦး ဒဏ်ရာရတယ်လို့ သိထားရတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်နှင့်မြိုင် မြို့နယ် အစပ်ရှိ ရေနံမှော်ဒေသကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ရာ နေအိမ်များနှင့် ဆီပေပါများ ထပ်မံ မီးလောင် ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာ နမခ မှတက်လာသော Gyrocopter ၃ စီးက ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်သပြေညို လယ်အိုရေနံမှော် ဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု မရှိဘဲ ဆီပေပါထားရှိသည့် ခြံများ ပျက်စီးသွားကြောင်းသိရှိရသည်။

“သပြေညို ရေနံမှော်ပဲ လာကျဲတာပါ။ စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာကျဲသွားတာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူး။ လူနေအိမ်နဲ့ ဆီပေပါထားရှိတဲ့ ခြံတွေပျက်ဆီးတာပေါ့။ ထိခိုက်ပျက်စီးသွားတဲ့ အလုံးအရေအတွက်ကတော့ မသိရသေးဘူး။ စစ်ခွေးတွေက ဗုံးသီး ၂လုံးနဲ့ လာကျဲသွားတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ရည်ရယ်ချက်ရှိရှိ နေ့စဥ်နှင့်အမျှ တိုက်ခိုက်နေတယ်။ ပြည်သူတွေကလည်း စစ်ခွေးတွေကိုရွံ့ရှာမုန်းတီးနေတယ်။ ပြည်သူတွေအနေဲ့ လေကြောင်းသတိပြု နေထိုင်ကြရန် ပြောချင်ပါတယ်”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်ကပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း မုံရွာမြို့ နမခ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Gyrocopter ၃ စီးက ပေါက်မြို့နယ် သပြေညို လယ်အိုရေနံမှော်ကို ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆီပေပါ ထားရှိသော ခြံများ ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article