စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက် ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်း မုံရွာမြို့ တောင်ဘက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးထွက်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ထနှောင်းတောတောင်ရွာနှင့် ပေါက်ပင်ရွာ အကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ၊ ထိခိုက်ဒဏ်ရာရာရှိသူများပြားခဲ့ပြီး၊ တော်လှန်ရေး ရဲဘော်များအထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး ထပ်တိုးပြီး သေဆုံးတာကို ကျနော်တို့ ဆက်လက်စုံစမ်းနေဆဲပါ။ စစ်ခွေး သေတာတော့ ခန့်မှန်းခြေ ၃ ဦးလောက်သေဆုံးတယ်။ စစ်ခွေးတွေက ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ပြန်သယ်ဆောင်သွားတာကို တွေ့ရတယ်။ ထနှောင်းတောတောင်ရွာနဲ့ ပေါက်ပင်ရွာကြားမှာ ဖြစ်တာပါ။ မုံရွာမြို့တောင်ဘက်က စွမ်းရည်ထက်ဂိတ်ကနေ ထွက်လာတဲ့ စစ်ခွေးနဲ့ ပျူစောထီး အင်အား ၁၅၀ လောက်ရှိမယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ် “ဟု ဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ်ပကဖ- တိုက်နယ် (၃) ပကဖ နှင့် အတူ မဟာမိတ်တော်လှန်ရေးအဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ခလရ ၄၂တပ်ရင်း အထိုင်စခန်းကို ဒရုန်းများဖြင့် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုသေဆုံးမှုရှိနိုင်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀မိနစ်ခန့်အချိန် ရွှေဘိုမြို့ ခလရ ၄၂ တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီးများဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမူ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ ဆက်လက် စုံးစမ်းနေဆဲပါ။ ရွှေဘိုမြို့ ခလရ ၄၂ တပ် အထိုင်စခန်းမှာ အင်အားကတော့နမခနဲ့ Mi17 အတက်အဆင်းလုပ်ပြီး အင်အားအတိုးအလျှော့အမြဲရှိပါတယ်။ စစ်ခွေးတွေဘက်တော့ ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ အတိအကျကတော့ စုံစမ်းနေပါတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ “ဟု ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖလက်ရုံးတပ်ဖွဲ့(တိုက်ခိုက်ရေးအဖွဲ့ -PDO)နှင့် တိုက်နယ် ၅ ပကဖတိုက်ခိုက်ရေးအဖွဲ့ ၊ ရွှေဘိုမြို့နယ် တိုက်နယ်၅ ပကဖ Fixed Wings Droneအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။




