ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၃၈၀၁ တပ်ရင်းမှ ဒုတပ်ရင်းမှူး ရဲဘော်ညီညီက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ညပိုင်းတွင် နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးပြီး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သားများ ဆုတ်ခွာသွားပြီး ၎င်းတို့ကိုင်ဆောင်သော လက်နက်ငယ် ၄ လက်နှင့်အတူ ခဲယမ်းများ၊ စကားပြောစက်နှင့် အခြားစစ်သုံးပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့တာ စစ်ဗိုလ် ၁ ကောင် အပါအဝင် ၁၁ ကောင်သေဆုံးတယ်။ တော်လှန်ရေး ရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာကျဆုံးခဲ့ပါတယ်။ စစ်ခွေးတွေက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဒမငယ်ရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့လို့ ပြည်သူပိုင်နေအိမ်တွေလည်း ပျက်စီးခဲ့တယ်” ဟု အမှတ် ၃၈၀၁ တပ်ရင်းမှ ဒုတပ်ရင်းမှူး ရဲဘော်ညီညီက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)၊ အမှတ်(၃၈၀၁) တပ်ရင်း၊ တပ်ခွဲ(၂)၊ (၃) ၊ (၄)၊ (၆)၊ (၇)၊ တပ်ရင်းဒရုန်းတပ်ဖွဲ့၊ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၁)၊ Spring Bees UAV Force၊ နတ်တလင်းမြို့နယ် ပကဖ၊ ဇီးကုန်းမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။






