မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဖိုးဝါးသိမ်ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ပူးပေါင်း စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ကျေးရွာနေ ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်ကာ ပြည်သူ တချို့ကို ပြန်လွှတ်ပေး ခဲ့သော်လည်း ဆက်လက် ဖမ်းဆီးခံထားရသူများရှိကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် KNU ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်၊ အခိုင်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၀ တပ်ရင်း မှ ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင်လည်း အမတ ၃၁၀ တပ်ရင်းမှ ခရွဲကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး၊ ၈၅ မမ လက်နက်ကြီး ၅ လုံးခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်က ၎င်းတို့ ထိန်းချုပ်ရာ နေရာဒေသများအတွင်း ငြိမ်းချမ်းနေသည့် သယောင် ပြုမူနေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာနေရာ ဒေသများအတွင်းရှိ အရပ်သား ပြည်သူလူထုများ နေထိုင်ရာ နေရာဒေသများအတွင်းကိုမူ နေ့စဉ်ရက်ဆက် လက်နက်ကြီးများ၊ ဒရုန်းများ နှင့် လေယာဉ်များတို့ဖြင့် ပစ်မှတ်ထား တိုက်ခိုက်လျှက်ရှိကြောင်း KNU ဗဟိုက ပြောဆိုထားသည်။







