မကွေးတိုင်း၊ နေပြည်တော်-မကွေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ကား ၆ စီးပါ ရိက္ခာ ယာဉ်တန်းကို မိုင်းဆွဲရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မကွေးမြို့ဘက်မှ နေပြည်တော်ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ ကား ၆ စီးပါ ရိက္ခာ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက နေပြည်တော်-မကွေးလမ်းပိုင်း မိုင်တိုင် ၂၂ အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရိက္ခာကား ၂ စီး မိုင်းစထိမှန်ကာ ၁ စီးမှာ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်း ထပ်တိုး သေဆုံးတာမျိုးကတော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းဆံနေဆဲပါ။ စစ်ခွေး အင်အားကတော့ မသိရသေးပါဘူး။ ထောက်ပို့ယာဥ်တန်းဆိုတော့ လူအင်အားနည်းမှာပါ။ မကွေးမြို့ဘက်ကနေ နေပြည်တော်ဘက်သို့ ထွက်ခွာလာသော စစ်ခွေးကား ၆ စီးပါ။ ကျွန်တော်တို့က နေပြည်တော်ရဲ့အနောက်ဘက် ခြံစည်းရိုးနားမှာ လှုပ်ရှားနေရတာဆိုတော့ ရင်ဆိုင်တိုက်ခိုက်ဖို့ အဆင်မပြေသေးဘူး။ လောလောဆယ် ပြောက်ကျားနဲ့ပဲ တိုက်ခိုက်နေရတာဆိုပေမယ့် အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားလုပ်ဆောင်နေပါတယ်” ဟု မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။




