26 C
Yangon

မကွေးမြို့ ဒေါင်းနေ အကျဉ်းထောင်တွင် ဒုတာဝန်ခံအရာရှိ သန်းကျော်တင့် ဦးဆောင်သော အဖွဲ့က နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းများ ခိုင်းစေပြီး အလုပ်မလုပ်နိုင်သူများကို ရိုက်နှက်၍ ခြေကျင်းခတ် တိုက်ပိတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မကွေးတိုင်း၊ မကွေးမြို့ ဒေါင်းနေ အကျဉ်းထောင်တွင် ထောင်ပိုင်လေး ဒုတာဝန်ခံအရာရှိ သန်းကျော်တင့် ဦးဆောင်သော အဖွဲ့က နိုင်ငံရေး အကျဉ်းသားများကို အလုပ်ကြမ်းများ ခိုင်းစေပြီး အလုပ်မလုပ်နိုင်သူများကို ရိုက်နှက်၍ ခြေကျင်းခတ် တိုက်ပိတ်မှုများ လုပ်ဆောင်နေသော ဒေါင်းနေထောင် ဝန်ထမ်းနှင့် အကျဉ်းသား မိသားစုဝင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုနှစ် ဧပြီလပိုင်းက စတင်ပြီး မကွေးမြို့ ဒေါင်းနေအကျဉ်းထောင်ရှိ အမျိုးသား အဆောင်တွင် ထောင်အရေးအခင်းဖြစ်ပွားခဲ့သည့် အချိန်မှစ၍ ထောင်ပိုင်လေး ဒုတာဝန်ခံအရာရှိ သန်းကျော်တင့်က ဦးဆောင်ပြီး အရာရှိ ဝင်းထွန်းနှင့် အခန်း ၄ အဆောင်မှူး အောင်နိုင်ဦးတို့က နိုင်ငံရေး အကျဉ်းသားများကို ဖိနှိပ် ရိုက်နှက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလပိုင်းကလည်း အခန်း ၄ အဆောင်မှူး အောင်နိုင်ဦးကလည်း နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ် ရိုက်နှက်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် ဦးစီးအရာရှိ ဝင်းထွန်းကလည်း နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နေကြောင်း၊ ထိုသို့ အကျဉ်းထောင် အရာရှိများက ရိုက်နှက်မှုများ လုပ်ဆောင်သည့် အပြင် တန်းစီးများကိုလည်း နိုင်ငံရေးအကျဉ်သားများအား ရိုက်နှက်ခွင့်ပေးထားကြောင်း သိရှိရသည်။

ထိုသို့ ရိုက်နှက်ခြင်းများ အပြင် နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းများခိုင်းစေခြင်း၊ အလုပ်မလုပ်နိုင်ကြောင်း ငြင်းဆန်ပါက ရိုက်နှက်ပြီး သံခြေကျင်း ၅ ထပ်ခတ်ထားကာ ၁၄ ရက်တိတိ တိုက်ပိတ်ထားကြောင်း၊ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များက ထောင်ဝင်စာ ပေးပို့သည့် အစားအသောက်များကိုလည်း အကျဉ်းထောင် အရာရှိများနှင့် တန်းစီးများက ကြားဖြတ် ယူဆောင်ပြီး နိုင်ငံရေး အကျဉ်းသားများကို ညစ်ပတ်နေသော ထောင်မှ ကျွေးသည့် ထမင်းနှင့် ဟင်းသာ စားခိုင်းကြောင်း သိရှိရသည်။

“အခုလက်ရှိအချိန်မှာ ဒေါင်းနေ အကျဉ်းထောင်ရဲ့ အမျိုးသား အဆောင်မှာ နိုင်/ကျဥ်းတွေကို ရည်ရွယ်ရှိရှိနဲ့ အလုပ်တွေ ခိုင်းနေပါတယ်။ ချိုးရေခေါ် ရေဆိုးတွေကို ခပ်ခိုင်းပြီးအပြင်ထုတ်ခိုင်းတာမျိုးတွေ မိလ္လာရေတွေကို ခပ်ထုတ်ခိုင်းတာမျိုးတွေ လုပ်ခိုင်းတယ်လို့ကြားတယ်။ နိုင်/ကျဉ်းတွေက မလုပ်ချင်ဘူးလို့ ငြင်းဆန်လိုက်ရင် ရိုက်တယ်။ သံခြေကျင်းကို ၅ထပ်ခတ်ထားပြီး ၁၄ ရက်တိတိ တိုက်ပိတ်ထားတယ်။ ပေ ၃၀ လောက်ရှိတဲ့အခန်းမှာ လူ ၆၀ ကျော်ထားတယ်။ အဲ့လို အခန်းတစ်ခန်းမှာ အခြားအမှူနဲ့ တန်းစီးတစ်ယောက်ထားတယ်။ အဲ့တန်းစီးကို ဖိနှိပ်ရိုက်နှက်ခိုင်းပြီး အဲ့လို ဖိနှိပ်တဲ့ တန်းစီးတွေကို နိုင်/ကျဥ်းတွေက ဝိုင်းထိုးကြတော့ ပြဿနာဖြစ်တဲ့ အခန်းကိုပိတ်ထားတယ်။ အခုလောလောဆယ် ရိုက်နှက်ပြီးတိုက်ပိတ်ခံရတာ ခန်မှန်းခြေ ၅၀ ဝန်းကျင်လောက်ရှိတယ်။ တိုက်ပိတ်ခံရတဲ့သူတွေလည်း အများကြီးပဲပါ” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ မကွေးမြို့ ဒေါင်းနေ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်သားနှင့် အကျဉ်းသူ ၂၀၀၀ ခန့်ရှိပြီး ထောင် အရာရှိများ၏ ဖိနှိပ်မှုများ ပိုမို ဆိုးဝါးလာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article