စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာ ၆ ခုကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ရာနှင့်ချီ မီးလောင်ပြာကျကာ သောင်းနှင့်ချီသော ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများနှင့် ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်မှစတင်ပြီး ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျောက်မှော်ကျေးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာ ၁၀ ခုကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကျောက်ကုန်းရွာနှင့် နှောပင်ရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်သည် ကျောက်မှော်ရွာ၊ ကျွန်းမှော်ရွာ ၊ ကြက်ရှာရွာ နှင့် အင်းပတ်ရွာတို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။
“ယင်းမာပင်မြို့နယ်ထဲကို စစ်ခွေး စစ်ကြောင်းက ဒီဇင်ဘာလ ၁၆ ရက်နေ့တည်းက စစ်ကြောင်းထိုးလာတာ ကျနော်တို့ သိရသလောက်တော့ ကျေးရွာ ၆ ခုမီးရှို့ဖျက်ဆီးခံရတယ်။ နေအိမ် ရာနှင့်ချီပြီး မီးလောင် ပြာကျတယ်။ အရေအတွက် အတိအကျတော့ အတည်မပြုနိုင်သေးဘူး။ ရွာထဲကို ပြည်သူတွေ မရောက်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းမာပင်မြို့နယ် အတွင်းမှ ပြန်လည် ထွက်ခွာသွားသော်လည်း စစ်တပ် နောက်ကျန် စစ်ကြောင်းများ ရှိမည်ကို စိုးရိမ်သောကြောင့် ပြည်သူအများအပြား ဆက်လက် တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။






