ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ဘက်မှ စစ်မှုထမ်း တပ်သားသစ် ဝင်းနိုင်ဆန်းသည် လက်ပံတန်းမြို့နယ် (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံ ချိတ်ဆက်၍ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်မှုထမ်း တပ်သားသစ် ဝင်းနိုင်ဆန်းသည် ညောင်လေးပင်မြို့နယ် အတွင်း အလုပ်မှ နေအိမ်သို့ ပြန်လာစဉ် အကြမ်းဖက် စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် ဝဲကလိ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ကာ စစ်မှုထမ်း အပတ်စဉ် ၁၅ ဆင်းခဲ့ကြောင်း၊ စစ်မှုထမ်း သင်တန်း ဆင်းလာပြီးနောက် လက်ပံတန်းမြို့နယ် အတွင်း စစ်ကြောင်းထိုးစဉ် လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ဝင်းနိုင်ဆန်းသည် MA-1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ခု ၊ အီနာဂါဗုံး ၄ လုံး၊ ကျည် ၂၀၀ တောင့် ၊ စစ်သုံးပစ္စည်း အစုံအလင် ယူဆောင်လာသောကြောင့် ဂုဏ်ပြုဆုငွေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူက လက်ပံတန်းမြို့နယ် အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေနဲ့ အတူလိုက်ပါလာပြီး အလင်းဝင်ဖို့ ထွက်ပြေးလာပြီး ကျနော်တို့ လက်ပံတန်းမြို့နယ် (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံ ချိတ်ဆက်လာတာပါ။ လက်နက်ခဲယမ်းတွေကော အပြည့်အစုံယူဆောင်လာပြီး အလင်းဝင်ခဲ့တာပါ” ဟု သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ခမရ ၆၀၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ ခေါင်းဆောင်ဝေကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်တွင် ခမရ ၆၀၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် မောင်စည်သူသည် သေနတ် ၁ လက်ယူ ဆောင်လာပြီး ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ထံသို့ ဆက်သွယ်လာပြီး အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် မောင်စည်သူသည် MA -2 သေနတ် ၁ လက် ၊ ကျည်ဘောက်ဝိုင်း ၂ ခု၊ ကျည်ဘောက်ရှည် ၄ ခု ၊ ကျည်ဆံ ၄ဝဝ တို့ကို ယူဆောင်ကာ အလင်းဝင်လာကာ ပစ္စည်း များကို လုံခြုံရေးအရ တနေရာတွင်ဝှက်ထားခဲ့ကြောင်းသိရှိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် မောင်စည်သူသည် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် အလုပ်မှ ပြန်လာစဉ် အကြမ်းဖက် စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် တောင်တွင်းကြီး စစ်ခြေခံသင်တန်းကျောင်းကို ပို့ဆောင်ပြီး စစ်မှုထမ်း သင်တန်း အပတ်စဉ် ၇ ဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
“သူက လိုင်းပေါ်ကနေပဲ ဆက်သွယ်လာလို့ ဖုန်းပြောပြီး လမ်းကြောင်းထောက်ပြီးခေါ်တာပါ။ သူ့သေနတ်ကတော့ လုံခြုံရေးအရလမ်းမှာထားခဲ့ရတယ်။ အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်းတပ်သားသစ်ဆိုတော့ စစ်မှုထမ်းသင်တန်းကို တောင် တွင်းကြီးစစ်ခြေခံသင်တန်းကျောင်း အမှတ်စဥ်၇ကပါ။ သူက မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်းရပ်ကွက်မှာ နေထိုင်တာ အလုပ်လုပ်ပြီး ညပိုင်း ၁၂ နာရီကျော်အိမ်ပြန်လမ်းမှာ စစ်ခွေးတွေက ရိုက်နှက်ပြီး ပေါ်တာစွဲသွားတာပါ။ လက်ရှိမှာတော့ စစ်မှုထမ်း တပ်သားသစ်ကို ဂုဏ်ပြုဆုငွေ သိန်း ၁၀၀ ချီးမြှင့်ထားပါတယ်”ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ ခေါင်းဆောင်ဝေကြီးက ပြောဆိုသည်။
ထိုသို့ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် မောင်စည်သူ ကို ကောင်းမွန်စွာထားပြီး ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်ကာ တော်လှန်ရေး ရဲဘော်အဖြစ်ခံယူပြီး အကြမ်းဖက် စစ်တပ်ကို ပြန်လည် တိုက်ခိုက်မည်ဖြစ်ကြောင်းသိရှိရသည်။






