ရန်ကုန်၊ ဒီဇင်ဘာ ၂၀
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် ကြံ့ဖွတ်ပါတီကို မဲပေးရန် ပြည်သူများအား ခြိမ်းခြောက်၍ ဖိအားပေးပြီး မုဒိမ်းမှုများပါ ကျူးလွန်ထားသော အုပ်ချုပ်ရေးမှူး နိုင်ဝင်းကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း 9 Stars Underground Force မှ မြွေပွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၂၄ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ်၊ သံတံတားစံပြကျေးရွာ၌ ကြံ့ဖွတ်ပါတီကို မဲပေးရန် ပြည်သူများအား ခြိမ်းခြောက်၍ ဖိအားပေးနေသော အုပ်ချုပ်ရေးမှူးနိုင်ဝင်းကို တော်လှန်ရေး တပ်ဖွဲ့များက သံတံတားစံပြ ကျေးရွာ အမှတ် ၉ ရပ်ကွက် ကျေးရွာလမ်းပိုင်းတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ပစ်ခတ် တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူး နိုင်ဝင်းသည် ကျည် ၃ ချက် ဦးခေါင်းကို ထိမှန်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး နိုင်ဝင်းထံမှ ဗုံး ၂ လုံး ၊ လက်ထိပ်၊ ကားသော့ ၊ ဖုန်း ၊ ငွေ ၄ သောင်း နှင့် မှတ်ပုံတင် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးမှူး နိုင်ဝင်းသည် အကြမ်းဖက် စစ်တပ် အာဏာသိမ်းချိန်မှစ၍ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးဖြစ်လာပြီး အိမ်ခြေ ၈၅၀ ရှိသော နှင်းဝိသံတံတားကျေးရွာကို စစ်မှုထမ်းကြေး လစဉ် ငွေကျပ် ၂ သောင်းနှင့် ၎င်း၏ လုံခြုံရေးအတွက် လစဉ် ငွေကျပ် ၁ သောင်း စုစုပေါင်း ငွေကျပ် ၃ သောင်းခန့် ပုံမှန်ကောက်ခံကြောင်း၊ ထို့ပြင် လယ်ထွန်စက်ရှိသော နေအိမ်များကို လစဉ် ငွေကျပ် ၅ သောင်း၊ ရိတ်ခြွေစက်ရှိသော နေအိမ်များကို လစဉ် ငွေကျပ် ၁ သိန်းဖြင့် လက်နက်အားကိုးပြီး ပြည်သူများကို နည်းမျိုးစုံဖြင့် အမြတ်ထုတ်နေသူဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းစီးနင်းနေသော Xway ကားကိုလည်း ပြည်သူများဆီမှ မတရားကောက်ခံထားသော ငွေဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်းသိရှိရသည်။
နိုင်ဝင်းသည် စာရင်းငှား ဘဝမှ အုပ်ချုပ်ရေးမှူးဖြစ်လာချိန်တွင် ကြီးပွားချမ်းလာသူဖြစ်ပြီး လက်နက်ကိုင် ပျူစောထီးအဖွဲ့တည်ထောင်ကာ ကျေးရွာနေ ပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျပြီး မုဒိန်းမှုများ ကျူးလွန်ကာ မတရားခံရသော အမျိုးသမီး၏ မောင်ဖြစ်သူ အသက် ၁၇ နှစ်အရွယ် အရက်ကြောင်ကြောင်နေသူ ၁ ဦးကိုလည်း PDF ဟု စွတ်စွဲပြီး လည်လှီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် နိုင်ဝင်း၏ သားဖြစ်သူ လှကိုဦး ဆိုသူကလည်း ပျူစောထီးဖြစ်ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းများတွင် လိုက်ပါကာ လက်နက်ကြီး အကူပစ်ပေးသူ တစ်ဦးဖြစ်ကြောင်း၊ ကျေးရွာအတွင်းရှိ လူငယ်များကို စစ်မှုထမ်း ပေါ်တာဆွဲခြင်း၊ လူရောင်းလူဝယ် ပြုလုပ်ခြင်းများအပြင် ၎င်းနှင့် မတည့်သူများကိုလည်း အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး အမျိုးမျိုး ဒုက္ခပေးနေသူဖြစ်ကြောင်း သိရသည်။
“အုပ်ကြီးနိုင်ဝင်းကို ပစ်ခတ်ရှင်းလင်းတုန်းက လွယ်အိတ်ထဲက လက်ပစ်ဗုံးကို နှိုက်ပြီး ခုခံဖို့ လုပ်နေတုန်း ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တာ အုပ်ကြီးနိုင်ဝင်းဆီကနေ ဗုံး ၂ လုံး ၊ လက်ထိပ်၊ ကားသော့ ၊ ဖုန်း ၊ ငွေကျပ် ၄ သောင်း နဲ့ မှတ်ပုံတင် တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ နောက်ကိုလည်း သူ့လိုလူမျိုးတွေကို ခုလိုပဲ ဆက်လက်ပြီး လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်” ဟု 9 Stars Underground Force မှ မြွေပွေးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို 9 Stars Underground Force အဖွဲ့က ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ နောက်နောင်တွင်လည်း ပြည်သူကို ဒုက္ခပေးနေသူများကိုလည်း 9 Stars UG အဖွဲ့က ထိရောက်စွာ ပြစ်ဒဏ် ပေးသွားမည်ဖြစ်ကြောင်း 9 Stars Underground Force အဖွဲ့က အသိပေးနှိုးဆော်ထားသည်။





