29 C
Yangon

လေးမျက်နှာမြို့နယ်၊ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးပြီး ပျူစောထီး ခေါင်းဆောင် ရဲကျော် နေအိမ် အပါအဝင် ပြည်သူပိုင် နေအိမ် ၁၀ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် လေးမျက်နှာမြို့နယ် ၊ ခတ်ချိုကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန်တွင်လည်း လေးမျက်နှာမြို့နယ် ၊စောပြာကျေးရွာကို အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးက ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က စောပြာကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ ပျူစောထီးခေါင်းဆောင် ရဲကျော်၏ နေအိမ် အပါအဝင် ပြည်သူပိုင် နေအိမ် ၁၀ လုံးမီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာထဲကို လေယာဉ်နဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်လို့ ပြည်သူ ၄ ဦးသေဆုံးပါတယ်။ သူတို့နဲ့ အလိုတူ အလိုပါ စစ်ခွေးအလိုကျ လုပ်ဆောင်ပေးနေတဲ့ ပျူစောထီး ခေါင်းဆောင် ရဲကျော်နေအိမ်လည်း စစ်ခွေးတွေ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း မီးလောင် ပြာကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ အရပ်သား ပြည်သူများကို အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက် သတ် ဖြတ်နေစဉ် လေးမျက်နှာမြို့နယ်နှင့် အနည်းငယ်သာကွာဝေးသော ငသိုင်းချောင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် ဒေါက်တိုင်များက ဦးဆောင်ပြီး ဆရာကန်တော့ပွဲနှင့် စတိတ်ရှိုးပွဲများ ကျင်းပနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article