26 C
Yangon

ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော ခမရ ၃၁၃ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦး မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးကြောင်၍ ထွက်ပြေးလာစဉ် အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော ခမရ ၃၁၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးကြောင်၍ ထွက်ပြေးလာစဉ် အရှင်ဖမ်းမိခဲ့ကြောင်း တပ်ပေါင်းစု စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယခုဒီဇင်ဘာလအတွင်း ချောင်းဦးမြို့နယ်၌ စစ်ကြောင်းထိုးလာသော တပ်မ ၇၇ လက် အောက်ခံ ခမရ ၃၁၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးကြောင်၍ ထွက်ပြေးလာကြောင်း၊ အဆိုပါ စစ်သားကို ချောင်းဦးမြို့နယ် ရှေ့ တန်းတစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက အရှင်ဖမ်းဆီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ချောင်းဦးမြို့နယ်အတွင်း ထိုးနေတဲ့ စစ်ခွေး စစ်ကြောင်းကနေ ကျွန်တော်တို့ တပ်ပေါင်းစု စစ်ကြောင်းဆီကို ဆေးကြောင်ပြီး ရောက်လာတာပါ။ လက်နက်တော့မပါဘူး။ စစ်မှုထမ်း တပ်သားသစ်ကို ဖမ်းမိတာက ဒီရက်ပိုင်း အတွင်းမှာပါ။ စစ်ကော်မရှင် တပ်ရဲ့ တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၁၃တပ်ရင်းကနေပြီးမှ ချောင်းဦးမြို့အတွင်းကို စစ်ကြောင်းထိုးဖို့ ရောက်လာတာကို တပ်ပေါင်းစုကနေပြီးမှ ကာကွယ်တာပေါ့။ သူ့ကိုတော့ စစ်ဆေးနေတုန်းပါ။ လက်ရှိမှာ ဖမ်းမိထားတဲ့ စစ်မှုထမ်း တပ်သားသစ်ကို ဥပ​ဒေနဲ့ အညီ အရေးယူ ဆောင်ရွက်သွားမှာပါ။ ဖမ်းမိတဲ့သူကို ချောင်းဦးမြို့နယ် ရှေ့တန်း တစ်နေရာမှာ ဖမ်းမိခဲ့တာပါ” ဟု တပ်ပေါင်းစု စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုသို့ ဖမ်းဆီးရမိသော စစ်မှုထမ်း တပ်သားသစ်ကို စစ်ဆေးမှုများ ပြုလုပ်စဉ် အထက်အရာရှိများကို စစ်သားများနှင့် စစ်မှုထမ်း တပ်သားသစ်များကို မူးယစ်ဆေးဝါးများ လွတ်လပ်စွာ သုံးစွဲခွင့် ပေးထားကြောင်း၊ ရှေ့တန်း၌ ထွက်ပြေးသူများကိုလည်း ပစ်သတ် ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကြောင်းအထိနာပါက အရာရှိများက ရှေ့ဆုံးမှ ထွက်ပြေးကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု သိရှိရသည်။

ချောင်းဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသော ခမရ ၃၁၃ တပ်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျီကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဓားစာခံ ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ဒီဇင် ဘာလ ၈ ရက်နေ့တွင်လည်း ကျီကုန်းကျေးရွာဘုန်းကြီး ကျောင်းအတွင်း ကိုယ်တခြမ်းသေ နေသော သံဃာ တော်ကို ပြုစုပေးနေသည့် ပြည်သူ ၁ ဦး၊ ပေါင်ရိုးကျိုးနေသည့် အမျိုးသား ၁ ဦးနှင့် လေဖြတ်နေသော ပြည်သူ ၁ ဦးကိုတို့လည်း စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article