မကွေးတိုင်း၊ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ် အတွင်းရှိ ရေနံမှော်ဒေသနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ် အစပ်ရှိ ရေနံမှော်ဒေသကို အကြမ်းဖက် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာအခြေအနေ စိုးရိမ်ရကာ နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၁ မိနစ်ခန့်ကလည်း မုံရွာမြို့ နမခ မှ တက်လာသော Gyrocopter ၂ စီးသည် မြိုင်မြို့နယ်၊ ဘုန်းကန်ရွာကို ၁၂၀ မမ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွား ၁ ကောင် သေဆုံးကာ နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားဖြစ်ခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ် လက်ပံတို ရေနံမှော်ကို ကျဲသွားတာပါ။ လက်ပံတို ရေနံမှော်က ပြည်သူ ၃ ဦး ထိတာ ၂ ဦးက ယောက်စိုးရိမ်တယ်။ ထိခိုက်ဒဏ်ရာရတာက အမျိုးသားတွေပါ။ အသက်အရွယ်တွေ မသိရသေးပါဘူး။ နေအိမ် ၂လုံးထပ်မနည်း ပျက်စီးသွားတယ်။ ဘုန်းကန်ရွာကို ကျဲသွားတာက အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






