တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်နှင့် မကွေးတိုင်း ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး သေဆုံးပြီး ကျေးရွာများကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက် စစ်တပ်၏ ခလရ ၁၀၄ တပ်ရင်းမှ စစ်သားများက လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ကျေးရွာနေ ပြည်သူ အသက် ၁၆ နှစ်အရွယ် လူငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထားဝယ်စိုက်ပျိုးရေးသိပ္ပံတွင် အထိုင်ချထားသော စစ် တပ် စစ်ကြောင်းက လောင်းလုံးမြို့ နယ်၊ စခန်းကြီးရွာသို့ ဝင်ရောက် စီးနင်းပြီး ပြည်သူ တချို့ ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
“ခလရ ၁၀၄ က စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ စခန်းကြီးရွာထဲကို ပစ်ထည့်တာ လူ ငယ် ၁ ဦးသေဆုံးတယ်။ တိုက်ပွဲဖြစ်ပွားတာ လုံးဝမရှိပါဘူး။ နောက်ပြီး ထားဝယ်ဘက်က စစ်ခွေးစစ်ကြောင်းကလည်း စိုက်ပျိုးရေး သိပ္ပံထဲကို စစ်ကားတွေနဲ့ ရောက်လာပြီး စခန်းကြီး ရွာကို ဝင်ရောက် စီးနင်းတယ်။ ပြည်သူတချို့ ဖမ်းဆီးခံရပြီး စစ်ဆေးမေးမြန်းတာတွေရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဂဲပင်အင်းရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါက်မြို့ လူသားစာနာအဖွဲ့ ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး ပေါက်မြို့နယ် ကပစ ၂၄ မှ စစ်တပ်က FAW ကား ၂ စီး အင်အား ၁၅၀ ခန့်ဖြင့် ပျမရွာသို့ စစ်ကြောင်းထိုးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင်စစ်ကြောင်းက ရွေဘုံသာပျူစောထီးရွာသို့ ဝင်ရောက်သွားကြောင်း၊ ထိုမှ တဆင့် စစ် ကြောင်းက အနီးအနားရှိကျေးရွာများသို့ စတင် စစ်ကြောင်းထိုးခဲ့ကြောင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် ကျေးရွာ ၁၃ ခု ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ချောင်းဝရွာမှ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ယင်း စစ်ကြောင်းသည် စသိန်းကျေးရွာမှ ပြည်သူပိုင် နေအိမ်တချို့ကို ဒုတိအကြိမ် ထပ်မံ မီးရှို့နေကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်အချိန် ပေါက်မြို့နယ်၊ ရွှေဘုံသာပျူစောထီးရွာမှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဇီးပြားပျူစောထီးရွာသို့ ဦးတည်ထွက်ခွာလာစဉ် လမ်းတလျောက် ကင်းပုန်းများချန်ထားခဲ့ကြောင်း၊ ယင်းနောက် ဂဲပင်အင်းရွာရှိ ပြည်သူပိုင်နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းတွေက ကျေးရွာတွေကို ဆက်တိုက် ဝင်ရောက်စီးနင်း မီးရှို့နေတာ ပြည်သူတွေ ဖမ်းဆီးခံထားရတာတွေရှိတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက် ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။




