ရန်ကုန်၊ ဒီဇင်ဘာ ၂၃
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကို ကျင်းပခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Julie Bishop က မင်းအောင်လှိုင်နှင့် တတိယအကြိမ် တွေ့ဆုံမှု အပါအဝင် မြန်မာ့အရေး အခြေ အနေများကို အစီရင်ခံခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး တံခါးပိတ်အစည်း အဝေး ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Julie Bishop က ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများသို့ မြန်မာ့အရေး အခြေအနေများကို ရှင်းလင်းပြောဆိုခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က ရှင်းပြသည်။
” အထူးကိုယ်စားလှယ် Julie Bishop က သူရဲ့ လုပ်ပိုင်ခွင့် တာဝန်များကို ထမ်း ဆောင်ရာမှာ ဒေသတွင်း နိုင်ငံတွေ၊ လုံခြုံရေးကောင်စီဝင်တွေနဲ့ အထွေ ထွေညီလာခံ အဖွဲ့ဝင်တွေ အပါအဝင် မြန်မာ့အရေးနဲ့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံလျက် ရှိပါတယ်။ အဲဒီကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မကြာသေးမီက မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် သွားရောက်ခဲ့ပြီး မင်းအောင်လှိုင်နဲ့ ထပ်မံတွေ့ဆုံခဲ့ပါတယ်” ဟု Stéphane Dujarric ကရှင်းပြသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Julie Bishop က ထိတွေ့ဆက်ဆံမှုအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ အရပ်သားများကို ကာကွယ်စောင့် ရှောက်နိုင်ရေးအတွက် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် အရေး တကြီး လိုအပ်ကြောင်း၊ မြန်မာ့အရေးကို ကမ္ဘာ့စာမျက်နှာတွင် ဆက်လက်ထားရှိပြီး ကြာရှည်နေပြီဖြစ်သော ဤအကျပ်အတည်းကို မြန်မာပြည်သူများ ကိုယ် တိုင်ဦးဆောင်၍ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းသော ဖြေရှင်းချက်ဆီသို့ ဦးတည်နိုင်ရန် စဉ်ဆက်မပြတ် ပံ့ပိုးပေးရန်တို့ကို ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ကုလအထူးကိုယ်စားလှယ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးပိတ် တိုင်ပင်ဆွေး နွေးမှု အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် မည်သည့် ထုတ်ပြန်ချက် တစ်စုံတစ်ရာမှ ထုတ်ပြန်ခြင်းမရှိကြောင်း သိရှိရသည်။





