ရန်ကုန်၊ ဒီဇင်ဘာ ၂၄
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီး၊ Gyrocopter တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့ အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီးက ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ်များ ပျက်စီးခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ဗုံး ၂ လုံးချတာ ဗုံး ၁ လုံးကွဲတယ်။ ပြည်သူတွေကတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ နေအိမ် ၂ လုံးပျက်စီးသွားတယ်။ ပေါက်နဲ့ မြိုင် အစပ်လက်ပံတိုရေနံမှော်ဒေသကို စစ်ခွေးတွေက ကျဲသွားတာပါ။ ပြည်သူတွေ အနေနဲ့ စစ်ကြောင်း၊ လေကြောင်း သတိ ပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းတွင်လည်း ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၂ စီးက မြိုင်မြို့နယ် ရွာသစ်ကုန်ရွာအနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“မြိုင်မြို့နယ် ရွာသစ်ကုန်ရွာအနီးကို စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ နေအိမ်ပျက်စီးမှုကတော့ ကျွန်တော် ဆက်လက် စုံစမ်းဆဲပါ။ ၃ကြိမ်ကျဲသွား ဗုံးသီး ၃လုံးကျဲသွားတာပါ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် နမခ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Gyrocopter ၃ စီးသည် ဘုတလင်မြို့နယ်၊ ကင်းစမ်းရွာလမ်ခွဲကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ကောင်းကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။







