မကွေးတိုင်း၊ အောင်လံမြို့ ခလရ ၇၁ တပ်ရင်းမှ ထွက်လာသော စစ်ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း Yoma Fighter Column အဖွဲ့မှ စစ်ကြောင်းမှူး ရဲဘော်ဇေကြီးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အောင်လံမြို့ ခလရ ၇၁ တပ်ရင်းမှ အင်အား ၂၀ ခန့် လိုက်ပါလာသော စစ်ကား ၁ စီးသည် လှေတုန်းရွာ နှင့်တံခွန်တိုင်ရွာအကြားရှိ မိုင်းကွင်းကို လာရောက်စစ်ဆေးချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၆ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရပြီး စစ်တပ်ဘက်မှ စစ်ကူ စစ်ကြောင်းများရောက်ရှိလာသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
“အောင်လံမြို့ ခလရ ၇၁ တပ်ရင်းကနေ အင်အား ၂၀ လောက်နဲ့ ထွက်လာတဲ့ စစ်ခွေးကား ၁ စီးက လှေတုန်းနဲ့ တံခွန်တိုင် ရွာအကြားက မိုင်းကွင်းကို လာရောက် စစ်ဆေးတဲ့ အချိန်မှာ ပဒေသာမိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ တိုက်ပွဲ ဖြစ်ပွားနေချိန်မှာ စစ်သား ၂ ဦး လက်နက် စွန့်ခွာထွက်ပြေးတာမျိုးလည်းရှိတယ်။ စစ်ကူ ချက်ချင်းရောက်လာတဲ့အတွက် လက်နက်ခဲယမ်း မရလိုက်တာပါ။ လက်ရှိတော့ ရွှေပန်းတောရဲစခန်းဘက်မှာပဲ ကုသရေးဝင်နေတယ်လို့သိရတယ်။ လက်နက်ခဲယမ်းသိမ်းဆည်းရတာတော့မရှိဘူး။ စစ်ကူရောက်ရှိလာလို့ တိုက်ခိုက်ပြီးချိန်မှာတော့ စစ်ခွေးတွေဘက်က လက်နက်ကြီး ဒရုန်းအသုံးပြုပြီး လိုက်လံတိုက်ခိုက်တာမျိုးရှိတယ်။ စစ်ခွေး အရှင်ဖမ်းမိတာမျိုးမရှိပါဘူး။ တိုက်ပွဲအတွင်းမှာ စစ်ခွေး အရာရှိ ၁ ကောင် အပါအဝင် စစ်သား ၁၆ ဦး သေဆုံးတယ်။ စစ်ကောင်စီအနေနဲ့ လုံခြုံစိတ်ချတဲ့နေရာမျိုးမရှိဖူးဆိုတာ သိစေချင်ရုံပါပဲ” ဟု Yoma Fighter Column မှ စစ်ကြောင်းမှူး ရဲဘော်ဇေကြီးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရိုးမဖိုက်တာ စစ်ကြောင်းမှ ဦးဆောင် တိုက်ခိုက်ခဲ့ပြီး နေပြည်တော်တပ်ရင်း (၉၀၂) ၊ နေပြည်တော်တပ်ရင်း(၈၀၄) ၊ သရက်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် ဗျူဟာအမှတ် (၁၇) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။




