စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်း ၄ နေရာကို ဝင်ရောက် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း Rocket Fighter အဖွဲ့မှ ကိုလပြည့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဘုတလင်မြို့ရှိ မိုးကိုယ်ပိုင်အထက်တန်းကျောင်း၊ ထွေ/အုပ်ရုံး၊ ရဲစခန်းနှင့် စာသင်ကျောင်းတို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကျဲ ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး အင်အားကတော့ ၅၀လောက်ရှိတယ်။ စစ်ခွေးတွေ အသေအပျောက်ကိုတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပါ။ ဘန်ကာတွေတော့ရထားတယ်။ နံနက် ၅ နာရီကနေ မွန်းလွဲ ၁ နာရီခွဲအထိပါ။ စစ်ခွေး အထိုင်ချတပ်စွဲထားသော ၄ နေရာကို ဝင်ရောက်တိုက်ခိုက်တာပါ။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပါတယ်။ စစ်ခွေး အရှင်ဖမ်းမိတာတွေ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်။ မြို့ကိုထိန်းချုပ်နိုင်ဖို့လည်း ကျည်လိုအပ်ပါတယ်”ဟု Rocket Fighter အဖွဲ့မှ ကိုလပြည့်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို RocketFighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ညောင်းဦးခရိုင် ရင်း၃၊ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု(csraf)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ csraf/)၊ BAMAR Army၊ ဒေါင်းမျိုးဆက် ၊ Civil Armed Force၊ P0၊ SBTF၊ Oxygen တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။




