ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကံသုံးဆင့်ရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး အသုံးအဆောင် ပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၆ ၊ ဧရာညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ ကံသုံးဆင့်ရွာကို စစ်ကြောင်းထိုးလာသော အင်အား ၃၅ ဦးပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်းတနေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးကာ စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ယူနီဖောင်း နှင့် စစ်အသုံးဆောင် ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ကံသုံးဆင့်ကျေးရွာကို စစ်ကြောင်းထိုးလာတာ အင်အားက ၃၅ ကောက်ပါတယ်။ ပျဉ်ပုံပျူစောထီးရွာက စစ်ခွေးတွေ တိုက်ပွဲက ၁ နာရီဝန်းကျင်လောက် အပြန်အလှန် ပစ်ခတ်ကြတယ်။ တိုက်ပွဲဖြစ်တော့ သူတို့ဘက်က ထိခိုက်သေဆုံးတာရှိလို့ ပြန်ဆုတ်ပြေးသွားတယ်။ တိုက်ပွဲအတွင်းမှာတော့ စစ်ခွေး ၂ ကောင်သေပြီး စစ်ယူနီဖောင်းနဲ့ စစ်အသုံးဆောင် ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်” ဟု သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၆ ၊ ဧရာညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင် စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။






