ရန်ကုန်၊ ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၀ နှင့် ၁၁ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးပြီး အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မုံရွာမြို့နယ်၊ ညောင်ပင်ရွာတွင် ရေချိုးနေသော ပြည်သူများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်တပ် ဗုံးကျဲ၍ သေဆုံးခဲ့သော ကလေးငယ် ၂ ဦးမှာ ညောင်ပင်ရွာမှ အသက် ၁၀ နှစ်အရွယ် မောင်ကျော်မင်းထက်နှင့် အသက် ၁၁ နှစ်အရွယ် မသွန်းမီမီဇော်တို့ ဖြစ်ကြောင်း၊ ထို့ပြင် အသက် ၇ နှစ်အရွယ် မောင်သူရနိုင်၊ အသက် ၃၈ နှစ်အရွယ် ဒေါ်မာမာဝင်း၊ အသက် ၃၆ နှစ်အရွယ် ဒေါ်ဖြူသွယ်မိုး၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ရီဝင်းသန့်၊ အသက် ၂၅ နှစ်အရွယ် ဒေါ်ဇင်ဇင်ထက်၊ အသက် ၄၃ နှစ်အရွယ် ဒေါ်စန်းစန်းအေး တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စက်တပ်လေထီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ကလေးငယ် ၁ ဦးကတော့ နေရာတင် ပွဲချင်းပြီးသေဆုံးတယ်။ ကျန်တဲ့ကလေး ၁ ဦးကတော့ ထိခိုက်ဒဏ်ရာ ပြင်းထန်လို့ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေကိုလည်း ဆေးဝါးကုသပေးနေပါတယ်” ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter များက မုံရွာမြို့နယ်၊ ရတုံရွာနှင့် ဘူးတောင်းကန်ရွာ အကြားရှိ တောတဲများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၈ နှစ်အရွယ် မအိရွှေရည်ဖြိုး ၊ အသက် ၅ နှစ်အရွယ် မောင်ဟိန်းထက် နှင့် အသက် ၃၀ နှစ်အရွယ် ကိုအောင်စိုးထွေးတို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။





