30 C
Yangon

လယ်ဝေးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၃ ဦးသေဆုံး၊ ပွင့်ဖြူမြို့နယ်တွင်လည်း အုပ်ချုပ်ရေးမှူး မင်းခိုင်ဦးနှင့် ပျူစောထီးများ လူစုနေစဉ် ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းကို တိုက်ခိုက်မှု စစ်သား ၂၃ ဦး သေဆုံးခဲ့ကြောင်း မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (Myaylatt Bamar Defense Force) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁ဝ နာရီကျော်ခန့်တွင် နေပြည်တော် လယ်ဝေးမြို့နယ် ကုန်းသာရွာ၌ အထိုင်ချထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို အင်အားဖြည့်ပြီး စစ်ကြောင်း ထိုးလာသော အင်အား ၁၀၀ ကျော်ပါ စစ်တပ်ကို ကိုးပင်-သာဂရလမ်းပေါ်ရှိ သစ်ပုတ်ပင်ရွာတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး မျက်မြင် သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် သစ်ပုတ်ပင်ရွာ အရှေဘက် စီကိုင်းကြိုး လမ်းပေါက်အနီးကို သစ်ပုတ်ပင်ရွာအတွင်းမှ ထွက်လာသော စစ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့၏ ကင်းပုန်းတို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်သား ၂ဝ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

“လက်နက်ခဲယမ်းသိမ်းဆည်းရမိတာမျိူးတော့ မရှိပါဘူး။ လောလောဆယ် စစ်ရေးပြင်းထန်လာနိုင်တဲ့ အနေအထားဆိုတော့ လူထုအနေနဲ့လေကြောင်းရန်၊ လက်နက်ကြီးရန်နဲ့ ကာကွယ်ရေး ဂရုစိုက်ကြဖို့ အသိပေးပြောလိုပါတယ်” ဟု မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (Myaylatt Bamar Defense Force) မှ တာဝန်ရှိသူက ပြောဆိုသည်။

မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တော်လှန်ရေးအင်အားစု များ အနေဖြင့် စစ်အာဏာရှင်အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတို့အတွက် လူထုနှင့်တသားတည်း ရပ်တည်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးရွာ ဘုန်းကြီးကျောင်းတွင် အုပ်ချုပ်ရေးမှူး မင်းခိုင်ဦးနှင့် ပျူစောထီးများ လူစုနေစဉ် ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကျောင်းကုန်းကြီးရွာ ဘုန်ကြီးကျောင်း၌ ကျေးရွာ အုပ်ချုပ်ရေးမှူး မင်းခိုင်ဦးနှင့် ပျူစောထီးများ လူစုနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး မင်းခိုင်ဦး အပါအဝင် ပျူစောထီး ၄ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး မင်းခိုင်ဦးသည် ကျေးရွာအတွင်းရှိ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသူဖြစ်ကြောင်း သိရှိရသည်။

“မင်းခိုင်ဦးတို့အဖွဲ့ ဘုန်ကြီးကျောင်းထဲ လူစုနေတုန်း PDF တွေ ဝင်ပစ်တာလို့တော့ သိရတယ်။ မင်းခိုင်ဦးလည်းသေတယ်။ စစ်ခွေးတွေလည်းခြေရှုပ်နေတယ်။ သူတို့က လက်နက်ကိုင်ထားတဲ့ ကောင်တွေ ပြည်သူကို လက်နက်ပြပြီးနည်းမျိုးစုံနဲ့ ဖိနှပ်နေတဲ့ကောင်တွေပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးသွားသော အုပ်ချုပ်ရေးမှူး မင်းခိုင်ဦးနှင့် ပျူစောထီးများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article