24 C
Yangon

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော အနုပညာရှင်များကို စစ်တပ်ဘက်တော်သားများနှင့်အတူ ဂုဏ်ထူးဆောင်ဘွဲ့များ ဖောဖောသီသီပေးအပ်ပြီး ပြည်သူနှင့်ရန်တိုက်ပေးဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ အနုပညာရှင်တွေကို စစ်တပ်ဘက်တော်သားတွေနဲ့အတူ တစ်တန်းတစ်စားတည်း ဘွဲ့တွေ မင်းအောင်လှိုင်က ဒီနေ့ ဖောဖောသီသီပေးအပ်လိုက်တာက ပြည်သူနဲ့ရန်တိုက်ပေးတာလို့ တော် လှန်ရေးနဲ့ဆက်နွယ်နေတဲ့ ပြည်တွင်း အနုပညာရှင်အသိုင်းအ၀ိုင်းက ပြောဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြမ်းဖက်စစ်တပ်အတွက် ဝါဒဖြန့်နေတဲ့ ဇော်မင်းထွန်း နဲ့ ရုပ်ရှင် သရုပ် ဆောင်တွေ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် တွေ ပေးအပ်လိုက်ပြီး အဲဒီအထဲမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်လို့ အကျဉ်းကျခံခဲ့ရတဲ့ အနုပညာရှင်တွေ၊ ဒါရိုက်တာတွေ၊ ရုပ်ရှင်မင်းသား မင်းသမီးတွေ ပါဝင်နေပါတယ်။

စည်သူဘွဲ့ကို စစ်ကော်မရှင်ရဲ့ ဘဏ္ဏာရေးနဲ့ အခွန်ဝန်ကြီး ကံဇော်၊ ပြန်ကြားရေး ဒုတိယဝန်ကြီး ဇော်မင်းထွန်း၊ စာရေးဆရာတွေ ဖြစ်တဲ့ ဦးအုန်းဖေ (တက်တိုး) နဲ့ ဦးစိုးညွန့် (ထီလာစစ်သူ)၊ ဆိုင်းပညာရှင်တွေ ဖြစ်တဲ့ စိန်ဗိုလ်တင့် နဲ့ စိန်စတင်း၊ ရုပ်ရှင် သရုပ်ဆောင်တွေ ဖြစ်တဲ့ ကြည်ကြည်ဌေး၊ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ကျော်ဟိန်း၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ မို့မို့မြင့်အောင်၊ ရန်အောင်၊ မေသန်းနု၊ ပြေတီဦး၊ နေတိုး၊ ဒါရိုက်တာတွေ ဖြစ်တဲ့ ဦးသုခ၊ မောင်တင်ဦး နဲ့ ဝိုင်း၊ အတတ်ပညာရှင်တွေဖြစ်တဲ့ ဂီတလုလင် ဦးကိုကို၊ သန်းညွန့် (ပန်းသာ) နဲ့ ဇော်မင်း(ဟံသာမြေ) တို့ကို ပေးအပ်ခဲ့တာပါ။

အလင်္ကာကျော်စွာဘွဲ့ကိုတော့ စာရေးဆရာ၊ သတင်းစာ ဆရာ လူထု ဦးလှ၊ ‌လူထု ဒေါ်အမာ၊ စာရေးဆရာ မြသန်းတင့်၊ ဦးသိန်းဖေ (သိန်းဖေမြင့်)၊ ဦးဌေးမြိုင် (ဒဂုန်တာရာ) ၊ဦးမိုးနှင်း (ပီမိုးနင်း)၊ ဦးစိန်တင် (သိပ္ပံမောင်ဝ)၊ ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)၊ တေးရေးပညာရှင် မြသန်းစံ၊ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၊ တို့နဲ့ ရုပ်ရှင် သရုပ်ဆောင်တွေထဲက ရွှေဘ၊ ထွန်းဝေ၊ ဦးကျောက်လုံး၊ ခင်ယုမေ၊ ဒေစီကျော်ဝင်း၊ အံ့ကျော်၊ ဇော်ဝမ်း၊ နေအောင်၊ ခင်သီတာထွန်း၊ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လူမင်း၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည် တို့ကို ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီအကြိုက်ဝါဒဖြန့်ယန္တရားမှာ ပါဝင်ပေး‌နေမှုကြောင့် ပြည်သူတွေဝေဖန်နေကြတဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့အပါအဝင် အခြားသရုပ်ဆောင်များစွာကိုလည်း မင်းအောင်လှိုင်က ဘွဲ့တွေ ဆုတွေပေးအပ်ခဲ့ရာမှာ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ဆု ပေးအပ်ခံရသူ ၁၈၄ ယောက်ရှိပါတယ်။

“အလင်္ကာကျော်စွာဘွဲ့ဆိုတာ တကယ့်ကို အနုပညာဘက်မှာ တစ်ဖက်ကမ်းတတ်ကျွမ်းပြီး ပြည်သူ့အကျိုး တိုင်း ပြည်အကျိုးကို ဂန္တဝင်တင်လောက်အောင် စွမ်းဆောင်နိုင်တဲ့ အနုပညာရှင်၊ အတတ်ပညာရှင် ပုဂ္ဂိုလ်မျိုးတွေကို ချီးမြှင့်တာ။ ဒီလိုမျိုးကြီး ပေါပေါလောလော ပေးတာကတော့ အပေးခံရတဲ့သူမှာလည်း မယူဘူးငြင်းဖို့ ခက်ခဲတယ်။ မယူဘူးဆိုရင်လည်း နိုင်ငံတော်ပုန်ကန်သလားဖြစ်ဦးမယ်။ ယူမယ်ဆိုရင်လည်း သွေးစွန်းတဲ့လက်က ပေးတဲ့ ဘွဲ့ကို သွားယူရမှာလောက် ပြည်သူတွေ ငြိုငြင်ကုန်ကြမှာ။ ဒါက ပြည်သူနဲ့ရန်တိုက်ပေးတဲ့အနေအထားမျိုး ဖြစ်သွားတယ်” လို့ ပြည်တွင်း အနုပညာရှင်အသိုင်းအ၀ိုင်းက ဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်က စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတဲ့ ရုပ်ရှင် အနုပညာရှင် နယ်ပယ်နဲ့ ပြန်လည် အဆင် ပြေသင့်မြတ်ဖို့ ကြိုးစားနေပြီး ဒီလို ကြိုးစားမှုရဲ့ နောက်ဆက်တွဲ ဘွဲ့ထူး ဂုဏ်ထူးတွေ ပေးအပ်ဖို့ ဖြစ်လာတာလို့လည်း လက်ရှိ ပြည်တွင်းမှာ နေထိုင်နေဆဲ အနုပညာရှင်အသိုင်းအ၀ိုင်းက ဆိုပါတယ်။

“ခဲတစ်လုံးတည်းနဲ့ ငှက်အကောင်တွေအများကြီးကိုုပစ်လိုက်တာပဲ။ နံပါတ် ၁ သူတို့က သဘောထားကြီးပါတယ်ဆိုတဲ့အချိုး။ နံပါတ် ၂ သူတို့နဲ့ လက်ကမ်းကြိုဆိုနေတာကို မသွားပြန်ရင်လည်း ဒုက္ခပြဿနာအမျိုးမျိုးက ကြုံရဦးမယ်။ နံပါတ် ၃ ကတော့ သူတို့ရဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေပေးတဲ့ အခမ်းအနားကို မဖြစ်မနေ တက်ရတော့ သူတို့ရဲ့ ဝါဒဖြန့် သတင်းစာ၊ ရုပ်သံတွေမှာ ဝေဝေဆာဆာ ဖော်ပြခံရမယ်။ နံပါတ် ၄ ကတော့ တပ်ချုပ်သမီးက အကုန်လုံးနဲ့ ပြန်လည် သင့်မြတ်ချင်တယ်ဆိုတာမျိုး လုပ်လာတာ။ ဘယ် လိုပဲ ပြောပြော သူတို့ ဝါဒဖြန့် ယန္တရားအတွက် အကုန်လုံးကို ရွေးကောက်ပွဲ မဲပေးဖို့ ခိုင်းသလို အချိန်မရွေး သုံးဦးမှာပဲ” လို့ ပြည် တွင်း အနုပညာရှင်အသိုင်း အ၀ိုင်းက ဆက်ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဘက်နယ်ဘက်က ပုဂ္ဂိုလ်တွေကိုလည်း ဆုတံဆိပ်တွေ ဖောဖောသီသီပေးအပ်ထားပါသေးတယ်။

ဒီလိုဆုတွေ ဖောဖောသီသီ ပေးလေ့ရှိတဲ့ မင်း‌အာင်လှိုင်ဟာ အာဏာရှင်ဟောင်းနေဝင်း၊ သန်းရွှေတို့ကို အဂ္ဂမဟာ သရေစည်သူဘွဲ့ ပေးခဲ့တဲ့အပြင်၊ သင်္ဂဟဘွဲ့တွေထဲမှာ ဒုတိယအမြင့်ဆုံးဖြစ်တဲ့ သတိုးသီရိသုဓမ္မဘွဲ့နဲ့ သတိုးမဟာ သရေစည်သူဘွဲ့ နှစ်ဘွဲ့ကိုလည်း မင်းအောင်လှိုင်က သူ့ကိုယ်သူ ပြန်ပေးထားပါသေးတယ်။

ဓာတ်ပုံ- ၂၀၂၄ ခုနှစ် အကယ်ဒမီပေးပွဲ တက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့်မိန်းမ ကြူကြူလှ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article