မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော အကြမ်းဖက် စစ်တပ် သတင်းပေး ဇော်ဝင်းကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ် သတင်ပေး ဇော်ဝင်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက်များကို လိုက်လံ စုံစမ်းနေစဉ် တောင်းတွင်းကြီးမြို့နယ် အတွင်းရှိ လမ်းပိုင်းတနေရာတွင် တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ဇော်ဝင်းသည် တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသူဖြစ်ကြေင်း၊ ထို့ပြင် အမှုပွဲစားလည်း လုပ်ကိုင်ကာ လောင်းကစားဒိုင်များထံမှလည်း စစ်တပ်အတွင် လစဉ် ဆက်ကြေးကောက်ခံနေသူဖြစ်ကြောင်း၊ ဇော်ဝင်းသည် ပရပ်ကြယ်တိုက်နယ်၊ ဆတ်သွားတိုက်နယ်နှင့် ကိုးပင်တိုက်နယ်များ အထိပါ တော်လှန်ရေး တပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်ကာ စစ်တပ်ထံ နေ့စဉ် သတင်းပေးပို့နေသူဖြစ်ကြောင်း သိရှိရသည်။
“ဒီကောင်က ပြည်သူတွေကနည်းမျိုးစုံနဲ့ ဖိနှိပ်တဲ့ အပြင်ကို စစ်ခွေးတွေဆီကို တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ သတင်းတွေ နေ့စဉ် ပေးပို့နေတာပါ။ ပြီးတော့ အဲ့ကောင်က အမှုပွဲစားလည်းလုပ်တယ်။ လောင်းကစားဒိုင်တွေဆီကလည်း ဆက်ကြေးကောက်ခံတယ်။ အဲလိုတွေ လုပ်ဆောင်နေလို့ ကျနော်တို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ပွဲချင်းပြီး သေဆုံးပါတယ်” ဟု တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နှင့် နဂါးမင်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စစ်တပ်သတင်းပေးများ၊ ဒလန်များ၊ ပျူစောထီးများ အနေဖြင့် စစ်တပ်ထံသို့ သတင်းပေးတိုင်ကြားခြင်း၊ စစ်တပ်အားကိုး၍ ပြည်သူများအပေါ် ငွေကြေးများ အတင်းအဓမ္မကောက်ခံခြင်းနှင့် စစ်တပ်က ပြုလုပ်သော အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သတ်မည်ဆိုပါက အချိန်မရွေး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။




