မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချတပ်စွဲထားသော တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Salingyi Revolution Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့တွင် မြိုင်မြို့နယ်၊ လင်းကတောပျူစောထီးကျေးရွာတွင် အင်အား ၁၀၀ကျော်ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို Salingyi Revolution Army မှ ရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“မြိုင်မြို့နယ် လင်းကတောပျူစောထီးရွာမှာရှိတဲ့ အင်အား ၁၀၀ ကျော် အထိုင်ချထားတဲ့ စစ်ခွေးစခန်းကို ကျနော်တို့ SေA ရဲဘော်တွေက လက်နက်ကြီးတွေနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေဘက်ကတော့ ထိခိုက်သေဆုံးမှုတော့ မသိရဘူး။ ကျွန်တော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီးကတော့ စစ်ခွေးတွေ နားကို ကျတယ်လို့သိရတယ်။ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ်” ဟု Salingyi Revolution Army မှတာဝန်ရှိသူက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးရှိ ကျောက်ပြုတ်ရွာ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းခြံမြို့အနီးရှိ ကျောက်ပြုတ်ရွာ၌ အင်အား ၃၅ ဦးခန့်ဖြင့် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၅၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံး ကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲတိုက်ခိုက်မှုက စစ်ခွေး ၅ ကောင်သေပါတယ်။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်ခွေးစခန်းကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိပါဘူး” ဟု ပြည်သူ့ ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Myingyan Black Tiger – MBT၊ ပြည်သူ့ ကြယ်တစ်ပွင့် တပ်ဖွဲ့နှင့် Myingyan Danger Dynamiter တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




