ရန်ကုန်၊ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိပ့်ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၅၄ လုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၄ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ့်ရွာအနီးကို တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဥ် ၁ စီးက ဗုံးသီး ၅၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာအတွင်းရှိ နေအိမ် ၄ လုံးထက်မနည်း မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ ဗုံးကျဲသွားတဲ့ သစ်ဆိပ့်ရွာက ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေလို့ ထိခိုက်တာတွေမရှိဘူးလို့ သိရတယ်။ ဒါပေမယ့် စစ်ခွေးတွေကျဲတဲ့ ဗုံးထိမှန်ပြီး ကျေးရွာအတွင်းက နေအိမ် ၄ လုံးထက်မနည်း မီးလောင်ပြာကျသွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကမ်းဖြူရွာနှင့် မှော်ဦးရွာကိုလည်း အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရွာသစ်ရွာ၊ ရေဂမိုးရွာ တို့ကိုလည်း အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေ၍ ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပို့ဆိပ်ရွာ ၊ သစ်ဆိပ့်ရွာ ၊ ကူကြီးရွာ ၊ ငါးပတ်ချောင်းရွာ ၊ သရက်ပင်ရွာ ၊ ရေလည်မော်ရွာ ၊ မှော်ဦးရွာ ၊ ကမ်းဖြူရွာ ၊ ရွာသာရွာ ၊ မင်းရွာတောင်ရွာ ၊ အင်ဒေါင်းရွာ ၊ ရှိမ်းမကားရွာ ၊ ငါးရယ်ရွာ ၊ ဆည်တောရွာနှင့် ငါးတိုက်တောင်ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် ပြည်သူများအနေဖြင့် ကျေးရွာများ အတွင်း နေထိုင်ချင်း မပြုလုပ်ကြပါရန်နှင့် စစ်တပ် စစ်ကြောင်းနှင့် ဝေးသောနေရာများတွင် နေထိုင်ပေးကြရန် ၊ စစ်ကြောင်းဝင်ရောက်ခဲ့သော ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့များက ရှင်းလင်ရေး မဝင်ရောက်သေးပါက ပြည်သူများ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်ခြင်းမပြုလုပ်ကြရန်နှင့် စစ်တပ်က ပြည်သူများ နေထိုင်သော ကျေးရွာ လမ်းများ ၊ နေအိမ်ခြံဝင်းများတွင် မြေမြုပ်မိုင်းများ၊ တိုက်မိုင်းများ ချထားနိုင်၍ နယ်မြေရှင်းလင်းပြီးမှသာ ဝင်ရောက်ကြရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ – စစ်တိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




