တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ တောင်သုံးလုံးရွာရှိ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၉ ရက်နေ့ ည ၇ နာရီခန့်တွင် ကျွန်းစုမြို့နယ်၊ တောင်သုံးလုံးရွာ၌ တပ်စွဲထားသော ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း စခန်းအတွင်းရှိ ပျူစောထီးများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် G-3 သေနတ် ၁ လက်နှင့် ခဲယမ်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
“ကျွန်းစုမြို့နယ်အတွင်း ကျနော်တို့ စစ်ရေးဖော်ဆောင်မှုအနေနဲ့ တောင်သုံးလုံးရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ရဲ့ ဟန်ချက်ညီညီ တိုက်ခိုက်မှုကြောင့် စခန်းအတွင်းမှာရှိတဲ့ ပျူစောထီးတွေ အားလုံး စခန်းစွန့်ခွာထွက်ပြေးသွားလို့ သိမ်းပိုက်နိုင်ခဲ့တာ တိုက်ခိုက်မှုအတွင်းမှာ စစ်ခွေးတွေက ၁ ကောင်သေတယ်။ နယ်မြေရှင်းလင်းရေးပြုလုပ်တော့ G-3 ရိုင်ဖယ် ၁ လက်နဲ့ ဆက်စပ်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများကို ဆက်လက် ကူညီပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။




