ရန်ကုန်၊ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်၌ ရွေးကောက်ပွဲပြုလုပ်နေစဉ် ကြာဖူးအဝိုင်းတွင် နေရာယူထားသော စစ်သားများကို လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်ရာ ဗျူဟာမှူးအဆင့်ရှိသူ အပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း Farmer Heros Khin U တပ်ဖွဲ့က ထုတ်ပြန်သည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီနှင့် ညနေ ၆ နာရီ ၅၅ မိနစ်ခန့်တို့တွင် ရေဦးမြို့ပေါ်၌ အတု်ယောင် ရွေးကောက်ပွဲပြုလုပ်နေစဉ် ကြာဖူးအဝိုင်းပတ်၌ တပ်ဖြန့်နေရာယူထားသော အကြမ်းဖက် စစ်သားများနှင့် ၈၁ မမ လက်နက်ကြီးအထိုင်ချထားသော နေရာများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း ဗျူဟာမှူးအဆင့်ရှိသူ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့ ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူလူထုကို ပစ်ခတ်တိုက်ခိုက်နေသော ၈၁ မမ လက်နက်ကြီး ၁ လက်နှင့် Jammer အထိုင်စက်တစ်လုံးတို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ခင်ဦးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ( Farmer Heros Khin U) ၊ ရွှေဘိုခရိုင် ပကဖ ဒရုန်းအဖွဲ့နှင့် ရွှေဘိုခရိုင် ပကဖ တိုက်ခိုက်ရေး အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ရေဦးမြို့တွင်း၌ အတုအယောင်ရွေးကောက်ပွဲပြုလုပ်နေချိန် ရွှေဘိုခရိုင်အမှတ် ၂၄ တပ် ရင်းက ၄၀ မမ၊ လက်နက်ငယ်များဖြင့်လည်း ဝင်ရောက်ပစ်ခတ်ခဲ့ကာ ခြိမ်းခြောက်ခဲ့သေးကြောင်း သိရသည်။




