ချင်းလူ့အခွင့်အရေးအဖွဲ့က မြန်မာစစ်တပ်ကို တီမောတွင် အမှုဖွင့်နိုင်ရေး တိုင်ကြားလိုက်သည့်အပြင် တီမောသမ္မတနှင့်ပါတွေ့ဆုံမှု အပေါ် စစ်ကော်မရှင်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ အကြမ်းဖက် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် တရားစွဲနိုင်ရေး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တီမောနိုင်ငံတွင် တရားဝင်တိုင်ကြားခဲ့သည်။
မြန်မာစစ်ကောင်စီက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများမှ နစ်နာသူများကို ကိုယ်စားပြုသည့်အဖွဲ့က တီမောလက်စ်တေနိုင်ငံရှိ ပြည်သူ့ရှေ့နေရုံးသို့ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ပေးရန် တောင်းဆိုသည့် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာတစ်စောင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ဇန်နဝါရီ ၁၄ ရက်နေ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ညွှန်ကြားရေးမှူး ဆလိုင်းဇာအုပ် (Salai Za Uk) ဦးဆောင်သည့်အဖွဲ့က တီမောသမ္မတ ရာမို့စ်ဟောတာကို သမ္မတနန်းတော်တွင် ၁ နာရီကြာသွားရောက် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာစစ်တပ်၏လူ့အခွင့်အရေး ချိုးဖောက်မှုများအဖြစ် ချင်းပြည် နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးရုံ၊ စာသင်ကျောင်းနှင့ ဘုရားကျောင်းတွေကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်မှုများကို တီမောသမ္မတထံသို့ တင်ပြခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် မြန်မာစစ်တပ်ကို တရားဥပဒေအရ အရေးယူရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်း အရပ်သားများကို သတ်ဖြတ်မှု၊ ဘာသာရေးခေါင်းဆောငုများကို သတ်ဖြတ်မှုများအတွက် မြန်မာစစ်တပ်က အရာရှိ ၁၀ ဦးကို တီမောလက်စ်တေ တရားရုံးတွင် အမှုဖွင့်ထားသည့် ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့-CHRO ညွှန်ကြားရေးမှူး ဆလိုင်းဇာအုပ်က “ကျွန်တော်တို့ ကိုယ့်နိုင်ငံမှာ တရားမျှတမှုကို ငြင်းပယ်ခံထားရပေမယ့် ဒီနိုင်ငံ (တီမော) မှာတော့ အခြေအနေတွေကို ကုစားနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု တီမောသမ္မတကို ပြောဆိုခဲ့ကြောင်း CHRO က သတင်းထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ တီမောတွင် မြန်မာစစ်တပ်ကို တိုင်ကြားခြင်း၊ တီမောသမ္မတနှင့် ချင်းလူ့အခွင့် အရေးအဖွဲ့တို့ တွေ့ဆုံမှုအပေါ် စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်န ဝါရီ ၁၆ ရက်နေ့ မွန်းလွဲပိုင်း တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။
မြန်မာစစ်တပ်က တီမောအစိုးရအနေဖြင့် အာဆီယံ ပဋိညာဉ်ကို ဖောက်ဖျက်ပြီး မြန်မာ နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်နေသည်ဟု စွပ်စွဲသည့်အပြင် စစ်တပ်ကို ဆန့် ကျင်ဘက် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံနေမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားပြီး သတိထောက်လွှာ (Protest Note) ကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။






