22.3 C
Yangon

ကောလင်းမြို့နယ် ချဉ်ပြစ်ခုံကျေးရွာ ဈေးတန်းကို စစ်တပ်က ဝင်ရောက်ပစ်ခတ်မှု ဈေး သည် ၁ ဦး သေဆုံး၊ ပေါက်မြို့နယ်ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ချဉ်ပြစ်ခုံကျေးရွာ ဈေးတန်းကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဈေးသည် ပြည်သူ ၁ဦး သေဆုံးခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်အစောပိုင်း ကောလင်းမြို့နယ် ညောင်ကိုင်းကျေးရွာဘက်မှ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချဉ်ပြစ်ခုံကျေးရွာ ဈေးတန်းကို ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ဝန်းသိုမြို့အခြေစိုက် ခမရ ၁၁၁ နှင့် ခမရ ၁၂၀ တပ်ရင်းတို့မှ စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က ချဉ်ပြစ်ခုံဈေးတန်းအတွင်းသို့ စစ်ကြောင်းထိုးခဲ့စဉ် ဈေးရောင်းနေသော ပြည်သူ ၁ ဦး သေဆုံးခဲ့သည့်အပြင် ပြည်သူအများအပြားပိတ်မိခဲ့ကြောင်း၊ ဈေးအတွင်းရှိ ဈေးဆိုင်များ လည်း စစ်တပ်၏ ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ၁၅ ရက်နေ့ ညပိုင်းကနေစပြီး စစ်ကြောင်းထိုးလာတာ ၁၆ ရက်နေ့ မနက်အစောပိုင်းမှာ ချဉ်ပြစ်ခုံဈေးတန်းကို ပစ်ခတ်ဝင်ရောက်လာတာပါ။ ဈေးကို စစ်ခွေးတွေ ပစ်ဝင်တာမှာ ကျည်ထိပြီး ဈေးသည်အမျိုးသား ၁ ဦး သေဆုံးတယ်။ မနေ့ကတော့ ပိတ်မိနေတဲ့သူတွေရှိခဲ့တယ်။ ဒီနေ့မှာ ပိတ်မိတဲ့ပြည်သူတွေ ပြန်လွတ်လာတယ်။ ရွာဆိုပေမယ့် ဈေးကကြီးတယ်။ ကောလင်းမြို့ပျက်တော့ ဈေးသည်တွေ အများအပြား အဲ့ရွာမှာ အခြေချ လုပ်ကိုင်နေတာ။ အဲ့ဒီလို ရွာစည်ကားနေတာကို မနာလိုတာပါ။ ဈေးဆိုင်တွေ ပျက်စီးမှုကတော့မသိရသေးဘူး။ စစ်ခွေးတွေက အနီးအနားမှာရှိတုန်းပဲ။ မနေ့က ထွက်ခဲ့တဲ့ စစ်ကြောင်းက တောင်မော်ရွာထဲမှာ ရှိသေးတယ်” ဟု Kawlin info မှ တာဝန်ရှိသူကပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်တပ်က ကောလင်းမြို့နယ် တောင်မော်ရွာတွင် ယာယီ တပ်ချထားသဖြင့် ပြည်သူများအနေဖြင့် အစောတလျင် ပြန်လည်ဝင်ရောက်ခြင်းမပြုလုပ်ကြရန် Kawlin info က သတိပေးထားသည်။

အလားတူ မကွေးတိုင်း ပေါက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မူများ ဆက် တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နှင့် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တို့တွင် စစ်တပ်က ပေါက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊အကြမ်းဖက် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေများ မသိရှိရသေးကြောင်း ဒေသပြည်သူများက ဆိုသည်။

“စစ်ခွေးတွေ ၂ ရက်ဆက်တိုက်ခိုက်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူများ ထိခိုက်ဒဏ်ရာရတာမျိုးကို ဆက်လက်စုံစမ်းဆဲပါ။ နေအိမ်ပျက်စီးတာမျိုးကိုလည်း ဆက်လက် စုံစမ်းဆဲပါ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း စစ်တပ်က တိုက်လေယာဉ်များဖြင့် ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ရွာအနီးသို့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် လုပ်ဆောင်ခဲ့သည်။

ဓာတ်ပုံ- စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်တစ်စီး မီးလောင်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article