မကွေးတိုင်း၊ မကွေးမြို့၊ စက်မှုတိုင်း ၃ ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာနမှ ဒုဦးစီးမှူး လှမျိုးအောင်(ခ) ဗိုလ်ပေါက်ကို PDF က ဖမ်းဆီးသွားမှုကို နေပြည်တော်သို့ မတင်ပြဘဲ ဖုံးဖိထားကြောင်း အဆိုပါဌာနတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့ မကွေးမြို့မှ မြင်းခြံသို့ အသွားလမ်းတွင် စက်မှုတိုင်း ၃ ၊ ဆည် မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာနမှ ဒုဦးစီးမှူး လှမျိုးအောင်(ခ) ဗိုလ်ပေါက်ကို PDF တပ်ဖွဲ့များက Non-CDM ဝန်ထမ်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဇန်နဝါရီလ ၅ ရက်နေ့မှာ ညွှန်ကြားရေးမှူး၊ဦးအောင်ကျော်ထွန်း စက်မှုတိုင်း(၃)၊ဆည်မြောင်းနဲ့ ရေ အသုံးချမှု ဦးစီးဌာန မကွေးမြို့နဲ့ ဦးကျော်မင်းဆွေ ဒု-ညွှန်မှူးတို့က ခွင့်ပေးတဲ့အတွက် ဒုဦးစီးမှူး ဦးလှမျိုးအောင်(ခ)ဗိုလ်ပေါက် ခေါ် ကိုပေါက်က မကွေးကနေ မြင်းခြံကိုပြန်တယ်။ အဲဒါလမ်းမှာ PDF တွေက Non-CDM အရာရှိမှန်း စစ်ဆေးသိရှိသွားပြီးတော့ ဖမ်းသွားတယ်။ အဲဒါကိုလည်း PDF တွေက သက်ဆိုင်သူတွေကို လှမ်းအသိပေးတယ်”ဟု ဌာနတွင်းသတင်းရင်းမြစ်ကရှင်းပြသည်။
ထိုသို့ ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာနမှ ဒုဦးစီးမှူး လှမျိုးအောင်(ခ) ဗိုလ်ပေါက်ကို PDF ကဖမ်းဆီးသွားခြင်းကို ညွှန်ကြားရေးမှူး အောင်ကျော်ထွန်းနှင့် ဒုညွှန်ကြားရေးမှူး ကျော်မင်းဆွေတို့က နေပြည်တော်သို့ မတင်ပြတော့ဘဲ ခွင့်မဲ့ပျက်ကွက်ပုံစံဖြင့် ဖုံးဖိထားကြောင်း သိရှိရသည်။
“PDF ဖမ်းသွားတာ သိပေမယ့် အထက်လူကြီးနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအကြီးအကဲတွေကို အသိမပေးဘဲ ဖုံးဖိထားတယ်။ အဓိက ခွင့်မဲ့ ပျက်ကွက်ပုံစံလို ထားထားတာ။ အခုအချိန်အထိလည်း သေသလားရှင်သလား မသိရပါဘူး။ မကွေးက ညွှန်မှူးရော ဒုညွှန်မှူးကရော သူတို့ ခွင့်ပေးလို့ ပြန်တာမို့ သူတို့ကို ထိခိုက်မှာစိုးလို့ နေပြည်တော်ကို အသိပေးပြောကြားခြင်း မရှိဘဲ လွတ်လာဖို့ စောင့်နေကြတာ။ တကယ်လို့ လွတ်လာရင်တော့ ခွင့်မတင်ဘဲ အိမ်ပြန်သွားတယ်ဆိုပြီး အမှုဖျောက်ဖို့ ပြင်တာပေါ့။ အခုကတော့ မလွတ်တော့ ခက်နေတာ” ဟု ဌာနတွင်း သတင်းရင်းမြစ်က ဆိုသည်။
PDF ၏ ဖမ်းဆီးခြင်းခံထားရသော ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာနမှ ဒုဦးစီးမှူး လှမျိုးအောင်(ခ) ဗိုလ်ပေါက်၏ ဇနီးမှာလည်း ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး တစ်ဦးဖြစ်ကြောင်း သိရှိရသည်။




