31.1 C
Yangon

ရွှေတောင်တွင် စစ်မှုထမ်းလစဉ်ကြေးမပေးနိုင်သော ကိုမိုးဆန်းကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ဇနီးဖြစ်သူနှင့် ကလေးငယ် ၃ ဦး ကျန်ခဲ့၊ စစ်ကိုင်းမြို့ပေါ်တွင်လည်း စစ်တပ်က လူငယ် ၂၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်းလစဉ်ကြေးမပေးနိုင်သော ကိုမိုးဆန်းကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ဇနီးဖြစ်သူနှင့် ကလေးငယ် ၃ ဦး ကျန်ရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရွှေတောင်မြို့နယ်၊ တွင်းဗြဲရွာတွင် နေထိုင်သော အသက် ၃၀ နှစ်အရွယ် ကိုမိုးဆန်းကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ တွင်းဗြဲရွာ လူကြီးနှင့် ရွှေတောင်မြို့နယ် တရုတ်မှော် ရဲကင်းမှ အကြမ်းဖက် စစ်သားများက စစ်မှုထမ်း လစဉ်ကြေးမပေးခြင်းကြောင့် နေအိမ်ထဲထိ ဝင်ရောက်ကာ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော ကိုမိုးဆန်းသည် နေ့စားအလုပ်လုပ်ကိုင်ပြီး ဇနီးသည်နှင့် ကလေးငယ် ၃ ဦးကို ရှာဖွေကျွေးမွေးနေသူဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ကိုမိုးဆန်းကို အကြမ်းဖက် စစ်တပ်က ရွှေတောင်မြို့ ခလရ ၁၄ တပ်ရင်းထဲတွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။

“တွင်းဗြဲရွာမှာ နေထိုင်တဲ့ ကိုမိုးဆန်းကို စစ်မှုထမ်း လစဉ်ကြေး မပေးနိုင်လို့ဆိုပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ စစ်ခွေးတွေက နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားတာ အဲ့ကောင်လေးက မရှိလည်းမရှိရှာပါဘူး။ ပေါက်ခေါင်းဘက်ကနေလာပြီးအိမ်ထောင်ကျတာ အခုသူ့ကိုဖမ်းသွားတော့ သူ့မိန်းမနဲ့ ကလေးသုံးယောက်ကျန်ခဲ့တယ်။ မိသားစုတွေ ဒုက္ခရောက်ပြီပေါ့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က လူငယ် ၂၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့ အသင်္ခရာ စောယွန်းအဝိုင်းတွင် အကြမ်းဖက် စစ်တပ်က လူငယ် ၂၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုဖမ်းဆီးမှုအတွင်း အသက် ၂၀ အရွယ်နှင့် အသက် ၃၀ ကျော်အရွယ် လူငယ်များ ပါဝင်ကြောင်း သိရသည်။

“စစ်ကိုင်းမြို့ပေါ်မှာ စစ်ခွေးတွေက တော်တော်ဆွဲနေတာ ဒီနေ့လည်း စစ်ကိုင်း အသင်္ခရာ စောယွန်းအဝိုင်းပတ်မှာ ပေါ်တာဆွဲတာ တော်တော်ပါကုန်တယ်။ လူငယ် ၂၀ ကျော်လောက်ပါသွားတယ်။ ပေါ်တာဆွဲ ဖမ်းဆီးတာ သိကြပေမယ့် စားဝတ်နေရေးက တစ်အိမ်လုံးလုပ်မှ စားရတာဆိုတော့ ထွက်ကြရတာပါပဲ။ စစ်ကိုင်းမြို့ပေါ်မှာက စစ်ခွေးနဲ့ ပျူစောထီးတွေက လှုပ်ရှား ရမ်းကားနေကြတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲ၌ မဲစာရင်းမပါသူများကို အတင်းအကြပ် စာရင်းပေးခိုင်းခြင်းကြောင့် လက်ရှိချိန်တွင် စစ်တပ်က လူဦးရေစာရင်းများရရှိသွားကာ စစ်မှုထမ်းဆင့်ခေါ်စာများ နေအိမ်ထိ လိုက်လံပို့ဆောင်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

“ဒီနောက်ပိုင်း စစ်ကိုင်းမှာအရင်က အိမ်ထောင်စုထဲမရှိတဲ့ လူတွေပါ အိမ်တိုင်ရာရောက် စစ်မှုထမ်းလာဆွဲတာတွေရှိနေပြီ ရွေးကောက်ပွဲမှာ မဲစာရင်း မပါတာကနေ စတယ်။ မဲစာရင်းမပါတော့ လူတွေကကြောက်ပြီး အတင်းအကြပ် စားရင်းကောက်တာတွေ လုပ်မှာဆိုးလို့ စာရင်းသွားပေးကြရော စာရင်းသွားပေးလိုက်ပေမယ့်လည်း ရွေးကောက်ပွဲနေ့မှာ မဲစာရင်းမှာ ပါမလာကြဘဲ စစ်မှုထမ်းစာရွက်တွေပဲ အိမ်ရောက်လာကြတယ်။ ပါလာတဲ့လူတွေကို လိုက်စုံစမ်းကြည့်တော့ အရင်ကစစ်မှုထမ်းမပါဘူး။ မဲစာရင်း ပေးလိုက်မှ အရံသင့်ထည့်လိုက်တယ်ထင်တယ်။ အခုဆို အိမ်ထိလာဆွဲတဲ့ အဆင့်တွေရောက်ကုန်ကြတာ” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article