31.1 C
Yangon

ဆောနှင့် ကနီမြို့နယ်ရှိ ကျေးရွာများနှင့် စစ်ဘေးရှောင် စခန်းများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်များပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၂ ခုကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက် ညနေ ၄ နာရီခန့်တွင် မကွေးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ကျောက်ထုတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၂ ခုကို ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင် ပြည်သူ သက်ကြီးပိုင်း ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

“စစ်ဘေးရှောင်နေတဲ့ သက်ကြီးပိုင်း ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ အဲဒီထဲက တစ်ဦးက စိုးရိမ်ရတယ်လို့ပဲ ကနဦးသိရသေးတယ်။ နောက်ဆက်တွဲ အသေးစိတ်အချက်အလက်တော့ မသိရသေးဘူး” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ရှမ်းမြောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံးပျက်စီးပြီး ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၂ စီးဖြင့် ကနီမြို့နယ် ရှမ်းမြောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article