26 C
Yangon

၂၀၂၅ ခုနှစ် တစ်နှစ်လုံး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂,၃၀၀ ကျော် သေဆုံး၊ မလှိုင်နှင့်မြိုင်မြို့နယ်တို့တွင် လေယာဥ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

အကြမ်းဖက်စစ်အုပ်စုက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူ စုစုပေါင်း ၂,၃၂၆ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန် ကြီးဌာန၏ ထုတ်ပြန်သည်။

NUG က ထုတ်ပြန်သည့် လအလိုက် အရပ်သားထိခိုက်သေဆုံးမှု ဇယားအရ တစ်နှစ်အတွင်း အရပ်သား ၄,၁၄၆ ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်ပေါင်း ၃,၅၇၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပျက်စီးမှုများတွင် အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများလည်း ပါဝင်ပြီး ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၂ ခု၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၃၆ ခုနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ခုတို့ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အရပ်သားသေဆုံးမှုများအနေဖြင့် အောက်တိုဘာလတွင် ၂၈၁ ဦး၊ ဩဂုတ်လတွင် ၂၇၂ ဦးနှင့် မေလတွင် ၂၅၀ ဦးတို့နှင့် အများဆုံး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိမှုတွင်လည်း မေလနှင့် အောက်တိုဘာလတို့၌ အရပ်သား ၅၀၀ ကျော်စီဖြင့် အများဆုံး ထိခိုက်ခဲ့ကြောင်း သိရှိရသည်။

အိမ်ခြေပျက်စီးမှု အခြေအနေတွင် ဇန်နဝါရီလတစ်လတည်း၌ပင် နေအိမ် ၁,၁၅၀ လုံး ပျက်စီးခဲ့ရပြီး တစ်နှစ်တာအတွင်း အမြင့်ဆုံး ပျက်စီးမှုဖြစ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများသည် လူနေအိမ်များသာမက ဘာသာရေးဆိုင်ရာ အဆောက်အအုံများကိုပါ ပစ်မှတ်ထားခဲ့ရာ ဩဂုတ်လအတွင်း၌ ဘာသာရေးအဆောက်အအုံ ၄၀ အထိ ပျက်စီးခဲ့ပြီး ပညာရေးဆိုင်ရာ အဆောက်အအုံများမှာလည်း မေလတွင် ၁၆ ခုအထိ အများဆုံး ဖျက်ဆီးခံခဲ့ရ‌ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ မန္တလေးတိုင်း၊ မလှိုင်မြို့ မြို့အနီးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးလာပြီး အမျိုးသမီး ၁ ဦးသေဆုံးကို ပစ်သတ်ခဲ့ကြောင်း လူထုသတင်းကွန်ယက် မလှိုင်မြို့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၇နာရီ ၃၀မိနစ်ခန့်အချိန် မလှိုင်မြို့အနောက်ဘက် ရွှေကျင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်က အင်အား၅၀ခန့်ဖြင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာပြီး ကမ္ဘားဖြူကျေးရွာ အနောက်ဘက်အရောက် လက်နက်ငယ်များပစ်ခတ်ခဲ့ကြောင်း၊ထိုသို့ ပစ်ခတ်မှုကြောင့် အသက် ၄၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး ဦးခေါင်း ကျည်ထိမှန်သေဆုံးခဲ့ကာ၊ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လူနေအိမ်များထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရသည်။

” စစ်တပ်ပစ်ခတ်လို့ သေဆုံးသူကို ရွာကလူတွေက ပြေးတဲ့သူကပြေးကြဆိုတော့ ရှိတဲ့သူနဲ့ နေ့ချင်းသင်္ဂြိုလ်လိုက်ရတယ်။ လက်ရှိ ပန်းအိုင်ဘုရားကြီးမှာ စခအင်အား ၅၀ တပ်စွဲထားတယ်”ဟု လူထုသတင်းကွန်ယက် မလှိုင်မြို့ မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အနောက်ခြမ်းတစ်နေရာသို့ အကြမ်းဖက် စစ်တပ်က ၃ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်မူပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၆နာရီ ၄၉မိနစ် မှ ည ၇ နာရီ ဝန်းကျင်အချိန်အထိ တိုက် လေယာဉ် ၃ စီးဖြင့် မြိုင်မြို့နယ်ရှိ အနောက် ခြမ်းတစ်နေရာသို့ ၃ကြိမ်တိုင်တိုင် လေ ကြောင်း တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ကလေးငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article