25 C
Yangon

NLD အပြတ်အသတ်အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက လူထုနှင့်ကင်းကွာခဲ့၍ ရှုံးနိမ်ခဲ့ရဟု ခင်ရီဝန်ခံ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အပြတ် အသတ် အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက လူထုနှင့်ကင်းကွဲခဲ့၍ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ကြောင်း ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ဝန်ခံပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တွင် ကြံ့ဖွတ်ပါတီမှ ရွေး ကောက်ပွဲ အပိုင်း ၃ ယှဉ်ပြိုင်မည့် ကြံ့ဖွတ်အမတ်လောင်းများနှင့်တွေ့ဆုံစဉ် ကြံ့ဖွတ်ခင်ရီက အထက်ပါအတိုင်း ဝန်ခံ ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက ရှုံးနိမ့်ခဲ့ရခြင်းအပေါ် ပါတီမှ ခေါင်းဆောင်များက ပြန်လည် သုံးသပ်အဖြေရှာခဲ့ကြကြောင်း၊ ယင်းသို့ အဖြေရှာရာတွင် ကြံ့ဖွတ်ပါတီအနေဖြင့် လူထုနှင့်ကင်းကွာခြင်း၊ လူထုနှင့်ထိတွေ့ရာတွင် နိုင်ငံရေးသဘောမဆန်ခြင်းများ ကြောင့် ရှုံးနိမ့်ရခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရ၍ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

“ကျနော်တို့ ၂၀၂၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ကျနော်တို့ပါတီမှာရှိတဲ့ အကြီးအကဲတွေ ပြန်လည်သုံးသပ်ခြင်းတွေ လုပ်တယ်။ ဒီပါတီက အင်အားလည်းကြီးတယ်။ လူသားအရင်းအမြစ်တွေလည်း ပေါတယ်။ ဘာဖြစ်လို့ရှုံးရတာလဲ။ အဲဒီအချက်ကို ပြင်တာဆင်တာတွေရှိတာပေါ့။ ဆိုပါစို့ ကျနော်တို့ လူထုနဲ့ ကင်းကွာတာတွေရှိတယ်။ လူထုနဲ့ ထိတွေ့တဲ့အခါမှာလည်း နိုင်ငံရေးသဘောမဆန်တာတွေရှိတယ် စသည်ဖြင့် ဒါတွေတော့ ကျနော် မပြောတော့ပါဘူး” ဟု ခင်ရီက ပြောဆိုသည်။

လက်ရှိ ရွေးကောက်ပွဲ အပိုင်း ၁ နှင့် အပိုင်း ၂ တွင် ကြံ့ဖွတ်ပါတီက အနိုင်ရရှိခြင်းမှာလည်း လွယ်လွယ်နှင့် အနိုင်ရရှိခြင်းမဟုတ်ဘဲ ကြိုးစား ပြင်ဆင်ပြီး အခင်းအကျင်းများ ဖန်တီးထားခြင်းကြောင့် ဖြစ်ကြောင်း၊ ကြံ့ဖွတ်ပါတီသည် အသတ်ခံရသူအများဆုံးဖြစ်ပြီး ပါတီဝတ်စုံပင် မဝတ်ရဲသူများကို ပါတီဝတ်စုံဖြင့် လူကြားတွင် သွားလာရစေရန် ကြိုးစားလုပ်ဆောင်ခဲ့ရကြောင်း သူက ဆက်လက်ပြောဆိုသည်။

“ကျနော်တို့ တစ်ချက်ချင်း တစ်ချက်ချင်း ကျနော်တို့ ပြင်ခဲ့ဆင်ခဲ့တာရှိတယ်။ ပြောချင်တာက ဒီအခင်းအကျင်းတွေက နဂိုကတည်းက ကြိုပြီးတော့ လုပ်ခဲ့တယ်ဆိုတာ ပြိုင်ပွဲဝင်မယ့်သူတွေကို သိစေချင်တယ်။ လွယ်လွယ်နဲ့တော့မဟုတ်ဘူး။ နောက်ဒုတိယအချက်က ကျနော်တို့ အသတ်ခံရတာများတယ်။ ကျနော်တို့အသတ်ခံရတာ ၁၂၀၀ ကျော်လောက်။ ကျနော်တို့ အားပေးထောက်ခံသူနဲ့ပေါင်းလိုက်ရင် အများကြီးပေါ့။ ပါတီကို ကြောက်လန့်သွားစေတာထက် ပိုပြီးတော့ စည်းလုံးညီညွတ်မှုကို ဖြစ်စေတယ်။ ကျနော်တို့ပါတီ လွန်ခဲ့တဲ့ ၂ နှစ်လောက်အထိ ပါတီဝတ်စုံဝတ်ပြီးတော့ မသွားရဲပါဘူး။ အစည်းအဝေးတွေရှိရင် ရုံးကို ပါတီဝတ်စုံလေး ကိုင်လာတယ်။ ဒီကျမှ ကောက်ဝတ်လိုက်တယ်။ ဒီလိုသွားကြတယ်။ အဲဒါ ကျနော်တို့စပြီးတော့ ထိုးဖောက်တာ ပဲခူးမှာ စပြီးတော့ ထိုးဖောက်တာ။ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က စပြီးတော့ ကျနော်တို့ အစည်းအဝေးသွားတဲ့နေရာကို တော်တော်လှမ်းပါတယ်။ ပါတီယူနီဖောင်းနဲ့ သွားတာပေါ့။ သွားရင်း သွားရင်း တစ်ရက်တစ်ရက်သွားရင်းသွားရင်းနဲ့ ယူနီဖောင်းတွေ ဝတ်ရဲ ဝတ်ရဲလာကြတယ်။ အဲဒါကို နှစ်ချီပြီးတော့ လုပ်ခဲ့ရတယ်” ဟု ခင်ရီက ပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်အားလုံး၏ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်း အနိုင်ရရှိကာ လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရာ အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း စစ်တပ်က မဲမသမာမှုရှိသည်ဟုဆိုကာ စစ်အာဏသိမ်းခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article